SSA ဝမ်ဟိုင်းဌာနချုပ်နားကို အစိုးရတပ်တွေ တိုက်

  • 30 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် SSA
Image caption SSA နဲ့ အစိုးရ စစ်တပ် အကြား တိုက်ခိုက်မှု တွေ ဖြစ်နေဆဲ

ရှမ်းပြည် တပ်မတော် SSA မြောက်ပိုင်းရဲ့ ဝမ်ဟိုင်း ဌာနချုပ်ကနေ အနောက်မြောက် ဖက် ၇မိုင် အကွာလောက်မှာ ရှိတဲ့ ရွာတရွာ ကို အစိုးရ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ရွာသားတွေ ရွာထဲမှာ မနေရဲ တော့ပဲ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရတယ် လို့ သိရပါတယ်။

ဝမ်ဟိုင်း ဌာနချုပ်နားက တောင်ကုန်းတဝိုက်မှာ တပ်စွဲထားတဲ့ အစိုးရတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေ ကျိုင်းရုံးရွာထဲက ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လယ်ကွင်းတွေထဲ ကျရောက်ခဲ့တဲ့ အတွက် ဝမ်ဟိုင်း ဌာနချုပ်နားကို ရွာသားတွေ ထွက်ပြေး ခဲ့ကြရတယ်လို့ SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလ က ဘီဘီစီကို ပြောပါတယ်။

အဲဒီရွာမှာ အိမ်ခြေ ၈၀ လောက်ရှိပြီး လူဦးရေ ၃၀၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျည်တွေ ကျချိန်မှာ ရွာသားတွေ ဗုံးခိုကျင်းတွေထဲ ဝင်ခိုခဲ့ကြလို့ အသေ အပျောက် တော့ မရှိခဲ့ဘူးလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အရင်ကလည်း အစိုးရ စစ်တပ်ဖက်က ဒီလို ပစ်ခတ်မှုမျိုးတွေ လုပ်ခဲ့ဖူးပြီး အထိအခိုက်တွေ ရှိခဲ့ဖူးကြောင်းနဲ့ SSAရဲ့ လက်ချက်လို့ အဲဒီတုန်းက စွပ်စွဲခဲ့ဖူးကြောင်း ဗိုလ်မှူး စိုင်းလက ဘီဘီစီကို ပြောပါတယ်။