အလုပ်သမား သမဂ္ဂ ဥပဒေ လွှတ်တော်မှာ အတည်ပြု

  • 29 ဩဂုတ် 2011

နေပြည်တော်မှာ ဆက်လက် ကျင်းပ နေတဲ့ အမျိုးသား လွှတ်တော်မှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းရေး ဆိုင်ရာ ဥပဒေကြမ်းကို အတည် ပြုလိုက်ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အအမျိုးသား လွှတ်တော် အစည်း အဝေးမှာ အလုပ် သမား ဥပဒေ အတည်ပြု

အဲဒီ မူကြမ်းကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ကော်မီတီက မူကြမ်းပါ စာသားတွေ စကား အသုံး အနှုံး တွေကို ဥပဒေ အရ ပြင်ဆင်ပြီးတဲ့ နောက် အမျိုးသား လွှတ်တော်က အတည်ပြုခဲ့ တယ်လို့ သင်္ဃန်းကျွန်း မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

အခု ဥပဒေ မူကြမ်း အရ အလုပ်သမား သမဂ္ဂ လိုမျိုး အလုပ်သမား အဖွဲ့ အစည်းတွေ ဖွဲ့စည်းခွင့် ရလာ မှာ ဖြစ်တယ်၊ အဲဒီ အဖွဲ့ အစည်း တွေထဲမှာ အစိုးရပိုင်းနဲ့ အုပ်ချုပ်ရေး အဖွဲ့က ပုဂ္ဂိုလ်တွေ ပါဝင်မှာ မဟုတ်ဘဲ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ သာ ဖွဲ့စည်းဖို့ ပါရှိတယ် လို့လည်း သူက ဆက်ပြောပါတယ်။

အမျိုးသား လွှတ်တော်ကနေ အတည်ပြုလိုက်တဲ့ အလုပ်သမား အဖွဲ့ အစည်းများ ဆိုင်ရာ ဥပဒေ မူကြမ်းကို ပြည်သူ့ လွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော်တို့ကို အဆင့်ဆင့် တင်ပြပြီး အတည်ပြုပြီးရင် ဥပဒေ တစ်ရပ် အဖြစ် အမြန်ဆုံး ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပြီး ကျင့်သုံးနိုင်တော့ မှာ ဖြစ်တယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အကျဉ်းထောင် ဥပဒေ ပြင်ဆင်ဖို့ အဆိုလည်းတင်

တနင်္လာ နေ့ မှာပဲ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်း အဝေးမှာတော့ အကျဉ်းထောင် ဥပဒေနဲ့ ဆိုင်တဲ့ အဆို တစ်ရပ်ကို တင်သွင်း ဆွေးနွေး ခဲ့ပါသေးတယ်။

ဓာတ်ပုံ မူပိုင် bbc
Image caption လက်ရှိ အကျဉ်းထောင်ဥပဒေ ခေတ်မမီတော့လို့ ပြင်ဆင်ဖို့ ဦးသိန်းညွန့် အဆိုတင်

သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ၂၁ ရာစု ရာစုနဲ့ ကိုက်ညီပြီး လူ့ဂုဏ် သိက္ခာကို အာမ ခံနိုင်တဲ့ အကျဉ်းထောင် ဥပဒေသစ် ကို ရေးဆွဲဖို့ အကြံပြု တင်ပြခဲ့ တာဖြစ်ပါတယ်။

သူ့အဆိုကို ရှမ်းတိုင်းရင်းသားများ ဒိမိုကရက်တစ်ပါတီ၊ ရခိုင် ဒီမိုကရေစီ ပါတီ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု စတဲ့ ပါတီ တို့က ကိုယ်စားလှယ် ၇ ယောက်က ထောက်ခံ ခဲ့ကြပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က တော့ တစ်ယောက် ကြားနေပြီး နှစ်ယောက်က ကန့်ကွက် ခဲ့ကြတယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။

ကန့်ကွက်သူတွေဘက်က ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ အကျဉ်းထောင် ဆိုင်ရာ ဥပဒေဟာ ကောင်းမွန်ပြီး အသုံးပြုလို့ ရနိုင်သေးတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ကန့်ကွက် ပြီး ပြန်ရုပ်သိမ်း ပေးဖို့လည်း တောင်းဆိုခဲ့ကြတယ် လို့ လည်း ဦးသိန်းညွန့်က ပြောပါတယ်။

အပြန် အလှန် ဆွေးနွေးမှုတွေ အပြီး ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက သူတို့ ပြင်ဆင် ရေးဆွဲ နေတာ ဥပဒေ မူကြမ်း ၅၅ ခု ရှိပြီး အကျဉ်းထောင် ဥပဒေလည်း တစ်ခု ပါဝင်တယ်၊ အဆင့်ဆင့် ရေးဆွဲနေတာ တတိယ မူကြမ်း အဆင့်ကို ရောက်လာပြီ၊ ရှေ့လထဲမှာ ဥပဒေ သစ် အဖြစ်ရေး ဆွဲထားတဲ့ မူကြမ်းကို လွှတ်တော်မှာ တင်မယ်လို့ ရှင်းလင်း ပြောခဲ့တာ ကိုလည်း ဦးသိန်းညွန့်က ပြန်ပြောပါတယ်။