မကွေးတိုင်းအတွင်း ရေကြီး

  • 30 ဩဂုတ် 2011
ဓာတ်ပုံ မူပိုင် AP
Image caption ပဲခူးမြို့မှာလည်း သြဂုတ်လဆန်းပိုင်းက မိုးရေ ကြီးခဲ့ပါတယ်

မကွေးတိုင်းမှာ ၂၈ ရက်နေ့ကစပြီး ဒီကနေ့ အင်္ဂါနေ့အထိ မိုးဆက်တိုက် ရွာနေလို့ ရေလှောင်တမံ ၄ ခုက တာကျိုးနိုင်တဲ့ အတွက် ရေတွေ ဖေါက်ချလိုက်တာကြောင့် မြို့သစ်မြို့နယ်က ကျေးရွာ ၅ ရွာက စိုက်ခင်း ဧက ထောင်ကျော် ရေမြုပ်နေ သလို လူနေအိမ်တွေလည်း ပြောင်းရွှေ့ ခဲ့ရပါတယ်။

ရေတွေဖောက်ချလိုက်တဲ့အတွက် စုကျေးရွာတို့၊ အောက်ဘက်က မန်ကျည်းကုန်းကြီးနဲ့ ထန်းကြီး တို့မှာ ရေတွေနစ်ကုန်ကြကြောင်း ဒေသခံတဦးက ဘီဘီစီကို ပြောပြပါတယ်။

၂၈ ရက်နေ့ညပိုင်းက ရေတွေ ထပ်တိုးလာပြီးတော့ ထန်းတပင်ရွာက အိမ်ခြေ ၇ လုံး လောက်နဲ့အတူ တိရစ္ဆာန်တွေလည်း ရေထဲကိုပါသွားပြီး၊ ထန်းတပင်နဲ့ ကပ်လျက်ရှိတဲ့ မြင်သာကြီးရွာမှာဆို ညတွင်းချင်း အိမ်တွေဖျက်ပြီးတော့ အရေးပေါ်ရွှေ့ရတဲ့ အခြေအနေကို ရောက်သွားကြောင်း အဲဒီဒေသခံက ဆက်ပြောပါတယ်။

အခုလို ရေနစ်မြုပ်တဲ့ အခြေအနေကြောင့် ကောက်လက်စ ပဲတီစိမ်းခင်းတွေ၊ ရိတ်သိမ်းလုနီး စပါးတွေ၊ ပဲစဉ်းငုံခင်းတွေနဲ့ ဝါခင်းတွေ ဧကထောင်ချီ နစ်မြုပ်သွားခဲ့ ပေမယ့်လည်း ဒေသခံ တွေဟာ အာဏာပိုင်တွေရဲ့ အကူအညီကိုလည်း မရရှိကြသေးပါ။

လယ်သမားတွေက တိုင်းမှူးအထိကို ဓာတ်ပုံတွေရိုက်ပြီးတော့ တင်ပြကြတဲ့အတွက် ညွှန်မှူး ကတော့ လာရောက်ကြည့်ရှုသွားတယ်လို့ ဆိုပါတယ်။

မနေ့ညကဆိုရင် နေပြည်တော် မြို့သစ် မကွေးလမ်းမှာ ရှိတဲ့ မြို့သစ်မြို့နားက ယင်းချောင်း တံတားရဲ့ ချဉ်းကပ်လမ်း ပေ ၃၀၀ လောက်ပါသွားလို့ တံတားပေါ်ကို ဖြတ်သွား မရတော့ တာကြောင့် ၂ ဘက်စလုံး မှာရှိတဲ့ ကားတွေပိတ်မိနေ သလို ယင်းချောင်း ရေပြင်ကြီးဟာ လည်း အပြည့်ဖြစ်နေတယ်လို့ သိရပါတယ်။