ကေအိုင်အေနဲ့ အစိုးရစစ်တပ် တိုက်ပွဲဆက်

  • 31 ဩဂုတ် 2011
Image caption ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတာပါ

ကချင်လွပ်လပ်ရေးတပ် ကေအိုင်အေနဲ့ အစိုးရ စစ်တပ် အကြား တိုက်ပွဲတွေဟာ ကချင်ပြည်နယ် ဘက်မှာတင်မကပဲ ရှမ်းပြည်နယ် ဘက်တွေမှာပါ ဖြစ်ပွားနေရာ အစိုးရဘက်က သေကျေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ‘သိန်းလုံ’ရွာအနီး မှာ မနေ့က ည ၇ နာရီလောက်က ကေအိုင်အေ တပ်မဟာ(၅) မှ စစ်ကြောင်းတခုနဲ့ အစိုးရ ‘မပခ’လက်အောက်ခံ ခလရ(၁၄၂) တို့ တိုက်ပွဲဖြစ်ပွား ခဲ့ရာ ခလရ ၁၄၂ ဘက်က ၃ ဦး ကျဆုံးခဲ့ပြီး ကေအိုင်အေဘက်ကတော့ ထိခိုက်ကျဆုံးမှု မရှိဘူးလို့ ကေအိုင်အေက ပြောပါတယ်။

အလားတူပဲ ရှမ်းပြည်မြောက်ပိုင်း ‘မူဆယ်မြို့’ နဲ့ ‘နမ့်ဖတ်ကာ’ အကြားမှာ ကေအိုင်အေ တပ်မဟာ(၄)၊ တပ်ရင်း (၉) မှ တပ်ဖွဲ့ဝင်တွေက အစိုးရစစ်ယာဉ်တန်းတွေကို ခြုံခိုတိုက်ခိုက် ဖို့ စောင့်ဆိုင်းနေစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ဖွဲ့ဝင် ၅ ဦးနဲ့ ထိပ်တိုက်တိုးမိပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲ ဖြစ်ပွားတဲ့နေရာကို ကွတ်ခိုင်မှ အစိုးရ စစ်တပ်က စစ်ကား ၅ စီး စစ်ကူးပေးဖို့ ရောက်လာပြီးနောက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်ရာမှာ အစိုးရ တပ်အချင်းချင်း မှားယွင်း ပစ်ခတ်ခဲ့တာကြောင့် အစိုးရတပ်က ၃ ဦး သေပြီး ၄ ဦး ဒဏ်ရာ ရသွားခဲ့ကြောင်း ကေအိုင်အေ ရှေ့တန်း စစ်ဖက်ရပ်ကွက်က ပြောပါတယ်။

ဒါပေမယ်လို့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိပါဘူး။