မုန်တိုင်းကိုဆန်ပြီး ပင်လယ်ကိုဖြတ်သူ ပျောက်ဆုံးနေ

  • 31 ဩဂုတ် 2011
Image caption ပဒိုမန်းငြိမ်းရဲ့ ကိုကိုးကျွန်းအတွေ့အကြုံတွေကို ၂၀၀၀ ခုနှစ်က သူကိုယ်တိုင်ရေးသားထုတ်ဝေခဲ့

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟို ကော်မီတီဝင် တစ်ယောက် ဖြစ်သူ ပဒို မန်းငြိမ်းမောင် ဘယ်ရောက်နေမှန်း မသိ ပျောက်ဆုံးနေကြောင်း ကေအန်ယူ အထွေထွေ အတွင်းရေးမှူး ၁ ဗိုလ်မှူး စောလှငွေက အတည်ပြုပြောပါတယ်။

လေယာဉ်ပျံနဲ့ ခရီးသွားလေ့ မရှိတဲ့ မန်းငြိမ်း မောင်ဟာ ပြီးခဲ့တဲ့ တလလောက်က ထူးထူး ခြားခြား လေယာဉ်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွားခဲ့ကြောင်း ဗိုလ်မှူးစောလငွေက ပြောပါ တယ်။

အဲဒီကနေ ထိုင်းကို ပြန်ဝင်လာရာမှာတော့ ထိုင်းလေဆိပ်က လက်မခံဘဲ သူ့ကို ကူမင်း ပြန်ပို့လိုက်တယ်လို့ သိရကြောင်းနဲ့၊ နောက်ဆုံးမှာတော့ ကူမင်းမှာပဲ ပျောက်သွားတာ ကျိန်းသေကြောင်း သူကဆက်ပြောပါတယ်။

အေအန်ယူအနေနဲ့ကတော့ ကူမင်းအာဏာပိုင်တွေက မန်းငြိမ်းမောင်ကို မြန်မာပြည် ပြန်ပို့လိုက်သလား ဆိုတာ သိရအောင် ဆက်လုပ်မယ်လို့ ဆိုပါတယ်။

တကယ်လို့ အမှုဖြစ်ခဲ့ရင်တော့ အမှုက ရုံးကိုတင်ရမယ်၊ ဒီအတွက် တရားဥပဒေအရ ရင်ဆိုင်ရဖို့ကို ကျွန်တော်တို့က ကြိုးစားပေးမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဘာဖြစ်မှန်း မသိသေးကြောင်း၊ နောက်ပြီး သူ့ကို အစဖျောက် တာမျိုး မဖြစ်ရအောင်နဲ့ တနေရာမှာ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်တာမျိုး မလုပ်ရအောင် ဆက်ပြီးလိုက်နေတယ်လို့ ကေအန်ယူက ပြောပါတယ်။

ပဒိုမန်းငြိမ်းမောင်ဟာ သူ့ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ကိုကိုးကျွန်းအကျဉ်းစခန်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို '' မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ '' စာအုပ်အဖြစ် ၂၀၀၀ ခုနှစ် ဇူလိုင်လက ထုတ်ဝေခဲ့ပါတယ်။