ထာဝရ ငြိမ်းချမ်းရေး ကော်မရှင်မှာ ဒေါ်စုကို ထည့်ဖို့ အကြံပြု

  • 31 ဩဂုတ် 2011

နေပြည်တော်မှာ ဆက်လက် ကျင်းပနေတဲ့ လွှတ်တော် အစည်း အဝေးတွေ ထဲ အမျိုးသား လွှတ်တော်မှာ ငြိမ်းချမ်းရေး ဆိုင်ရာ အမြဲတမ်း ကော်မီတီ တစ်ရပ် ဖွဲ့စည်းရေး ကို အတည် ပြုခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် afp
Image caption လွှတ်တော် တွင်းမှာ အဆို တင်သွင်း ဆွေးနွေး မှုတွေ ဆင်လုပ်နေ

ကချင်ပြည်နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင် တင်သွင်းတဲ့ အဲဒီ အဆိုကို စစ်တပ် ကိုယ်စားလှယ် အပါအဝင် လူ ၁၃ ယောက်က ပါဝင် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ရခိုင် တိုးတက်ရေး ပါတီက ဒေါက်တာ အေးမောင်က အမြဲတမ်း ကော်မီတီ ဆိုရင် လွှတ်တော် အမတ်တွေ ချည်းသာ ပါဝင်နိုင်မှာ ဖြစ်လို့ လုံလောက်မှု မရှိနိုင်တာကြောင့် လူထု လေးစားသူ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ထည့်သွင်းပြီး အမြဲတမ်း ကော်မရှင် အနေနဲ့ ဖွဲ့စည်း သင့်တယ်လို့ အကြံပြုခဲ့တဲ့ အကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

အတည်ပြုလိုက် တဲ့ အမြဲတမ်း ကော်မီတီ မှာ ဘယ်သူတွေကို ထည့်သွင်းမယ် ဆိုတာ မသိရသေးပေမဲ့ လက်ရှိ ရှိနေပြီးသား ယာယီ ကော်မီတီကနေ အမြဲတမ်း ကော်မီတီ အဖြစ် ဖွဲ့စည်းတဲ့ အခါမှာ လွှတ်တော် ကိုယ်စား လှယ်တွေ၊ ရေးရော ကော်မီတီမှာ ပါဝင် သူတွေ ဆွေးနွေး ကြရဦးမှာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီအခါ ကျရင် အခု တင်ပြ အကြံပြုချက် တွေကို ထည့်သွင်း စဉ်းစား ကြမှာပါ လို့ ဦးဖုန်းမြင့်အောင် က ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ အမျိုးသား လွှတ်တော် အစည်း အဝေးမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြင်ဆင် သတ်မှတ်ဖို့ ပြည်ထောင်စု အစိုးရက တိုက်တွန်းတဲ့ အဆို၊ လယ်ယာမြေ ဆိုင်ရာ အဆို တို့ အပါအဝင် စုစုပေါင်း အဆို လေးခုကို အတည်ပြုခဲ့ ကြတယ် လို့လည်း သူက ပြောတယ်။

ပြည်သူ့ လွှတ်တော် ဘက်မှာ လည်း နိုင်ငံခြားငွေ လဲလှယ်နှုန်း ကျဆင်းနေတဲ့ ကိစ္စနဲ့ လယ်ယာမြေ ဆိုင်ရာ ပြင်ဆင်မှု တွေ အကြောင်း အပါအဝင် မေးခွန်း ဆယ်ခု ကို ဆွေးနွေး ခဲ့ကြတယ်လို့ ရှမ်းပြည်နယ် ရွာငံက တသီးပုဂ္ဂလ ကိုယ်စားလှယ် ဦးအောင်သိန်းက ပြောပါတယ်။