မြစ်ဆုံရေကာတာ ရပ်ဆိုင်းရေး တောင်းဆို

  • 1 စက်တင်ဘာ 2011
ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်နေပုံ ဓာတ်ပုံ မူပိုင် burmese
Image caption ဧရာဝတီ မြစ်ဆုံဆည် တည်ဆောက်နေပုံ

ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများ အဖွဲ့က နိုင်ငံကျော် စာရေးဆရာကြီးတွေ လူမှုကူညီစောင့်ရှောက်တဲ့အဖွဲ့တွေနဲ့ ကျောင်းသားလူငယ်တွေ တထောင်ကျော်တို့ လက်မှတ်ရေးထိုးပြီး ဧရာဝတီ မြစ်ဆုံစီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ သမ္မတထံစာတစောင် ပေးပို့ခဲ့ပါတယ်။

အဲဒီလက်မှတ်ရေးထိုးတဲ့အထဲမှာ စာရေးဆရာ ဦးအောင်သင်း ဇော်ဇော်အောင် သန်းမြင့်အောင် ညီပုလေးတို့လည်းပါဝင်သလို ကိုကျော်သူတို့လို လူမှုကယ်ဆယ်ရေး ဆောင်ရွက် သူတွေလည်း ပါဝင်ပါတယ်။

ဆရာညီပုလေးကတော့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားတဲ့ လူငယ်တွေကလာ ပြောတဲ့အခါ ထောက်ခံသဘောတူ လက်မှတ်ထိုးခဲ့တာဖြစ်ကြောင်း ဧရာဝတီကို လူသားတွေသာမက ဧရာဝတီလင်းပိုင်လို ရှားပါးတရိစ္ဆာန်တွေမှီခိုရာဖြစ်လို့ မပျက်စီး မတိမ်ကောအောင် စောင့်ရှောက်ဖို့လိုတယ်လို့ပြောပါတယ်။

ဆရာကြီးဦးအောင်သင်းကလည်း ဧရာဝတီမြစ်ကြီးဟာ ရှေးဘိုးဘွား လက်ထက်ကတည်းက မြန်မာပြည်ရဲ့အသက်ဖြစ်လို့ အားလုံး အမျိုးသားရေး တာဝန်တရပ်အနေနဲ့ ထိန်းသိမ်း စောင့်ရှောက်သင့်တယ် အခုအခါ မြစ်တွေမှာ သောင်ထွန်းပြီး နောင်ဆိုတံတားကြီးတွေက ကုန်းပေါ်ရောက်ပြီး မြစ်ကြီး တဖြည်းဖြည်း ခမ်းချောက် သွားနိုင်တယ်လို့ ထောက်ပြပါတယ်။

အစိုးရ သတင်းစာ ရှင်းပွဲမှာ မြစ်ဆုံစီမံကိန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုမရှိဘူးလို့ စုံစမ်းတွေ့ရှိရတယ်ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ဒီလှုပ်ရှားမှုတွေကို ခေါင်းဆောင်နေတဲ့ ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့မှ မနုနုအောင်ကတော့ လက်မခံနိုင်ဘူးလို့ဆိုပါတယ်။ တကယ်မထိခိုက်ရင် တရုတ်နဲ့မြန်မာ ပညာရှင်တွေ ရေးသားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီရင်ခံစာကို လူအများ မြင်သာအောင် ထုတ်ပြန်သင့်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဒီလိုလက်မှတ်ထိုးတဲ့ လှုပ်ရှားမှုကို အချိန်တလ သတ်မှတ်ထားပြီးအခု ပထမအဆင့် အနေနဲ့ လက်မှတ်ပေါင်း ၁၆၀၀ သမ္မတထံဒီကနေ့ ပေးပို့လိုက်တာဖြစ်ပါတယ်။