ရွှေညဝါဆရာတော်ကြီးရဲ့ တရားပွဲ ပိတ်ပင်ခံရ

  • 1 စက်တင်ဘာ 2011
Image caption ရှစ်လေးလုံး ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့ ကို ဆရာတော်ကျောင်းမှာ ကျင်းပခဲ့

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိ ဗိမာန်မှာ ကြာသပတေးည စတင် ကျင်းပ မယ့် ရွှေညဝါဆရာတော်ကြီးရဲ့ တရားပွဲကို သာသနာရေးဌာနက ခွင့်ပြုထားပြီးကာမှ ပြည်ထဲရေးဌာနက ပိတ်ပင်လို့ တရားပွဲ ဖျက်လိုက်ရပါတယ်။

တရားပွဲ ဖြစ်မြောက်ရေးကို ဒကာတွေက သွားတင်တော့ သူတို့လက်ခံပေးကြောင်း၊ အဲဒီနောက် ကျေကျေလည်လည် ဖြစ်ပြီ ဆိုတော့မှ ဆိုင်းဘုတ်တင်ပြီး လက်ကမ်း ကြော်ငြာတွေ ဖြန့်ဝေခဲ့တာ ဖြစ်ကြောင်း ဆရာတော်ကြီးက ဘီဘီစီကို မိန့်ပါတယ်။

ဒီအတွက် ဆရာတော်အနေနဲ့ အာဏာပိုင်တွေဘက်က သူ့အပေါ် သဘောထား ပျော့ပြောင်း လာပါလားဆိုပြီး ယုံကြည် ဝမ်းသာနေမိခဲ့ပေမယ်လို့ အခုတော့ တရားပွဲ အပိတ်ခံလိုက်ရ တယ်လို့ ဆိုပါတယ်။

သာသနာရေးဌာနက ဆရာတော်ကို တရားမဟောဖို့ အရင်ကတည်းက တနှစ်ပိတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ်လို့ အခုတရားပွဲအတွက် လွန်ခဲ့တဲ့ ရက် ၂၀ မတိုင်ခင် ကတည်းက ခွင့်ပြုမိန့်ရကာ၊ တရားပွဲလုပ်ခါနီး ၂ ရက် အလို ပြီးခဲ့တဲ့ တနင်္လာနေ့ ကမှ တရားပွဲ လုပ်လို့မရကြောင်း လာလျှောက်တာ ဖြစ်တယ်လို့ ဆရာတော်က ပြောပါတယ်။

အခုလို တရားပွဲ အပိတ်ခံရတာနဲ့ ပတ်သက်ပြီး၊ စာထဲမှာတော့ ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ စကားများကို ထည့်သွင်း ပြောကြားခြင်းကြောင့်လို့ ပါတဲ့အကြောင်း၊ ဒါပေမယ်လို့ ဆရာတော်ကတော့ - အယူအဆချင်း၊ သဘောထားချင်း၊ ခံယူချက်ခြင်း၊ မတိုက်ဆိုင်လို့ ဖြစ်ရတာလို့ မိန့်ပါတယ်။

ဆရာတော်ဟာ ကြည့်မြင်တိုင် သာဓုပရိယတ္တိ စာသင်တိုက်ကြီးရဲ့ နာယကဆရာတော်လည်း ဖြစ်ပြီး၊ ရှစ်လေးလုံး ၂၃ နှစ်ပြည့်တုန်းက ဆရာတော်ကျောင်းမှာ ဝါဆိုသင်္ဃန်းကပ်ပွဲ ကျင်းပ တာနဲ့လည်း သက်ဆိုင်မှုမရှိကြောင်း ဆရာတော်က မိန့်ပါတယ်။

သံဃိက အလှူခံမျိုးဆိုတာ ဘယ်လိုဘဲ ဖြစ်ဖြစ် လုပ်လို့ရကြောင်းနဲ့ ဒါဟာ ရာဇဝတ်မှု ကျူးလွန်တာ၊ နိုင်ငံတော်ပုန်ကန်တာလည်း မဟုတ်တဲ့အတွက် အခုလိုပိတ်တဲ့အပေါ် လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ ဆရာတော်က မိန့်ကြားသွားခဲ့ပါတယ်။