တိုင်းရင်းသားအဖွဲ့တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်း

  • 2 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် afp
Image caption အစိုးရနဲ့ သီးခြား တဖွဲ့ချင်း ငြိမ်းချမ်းရေး မဆွေးနွေးဘူးလို့ DKBA ပြော

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက် ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ထားတယ်လို့ မြန်မာ အစိုးရသစ်က ထုတ်ဖေါ် ကြေညာ ခဲ့အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုချင်းကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီး အစိုးရက သီးခြားစီ ဆက်သွယ်မှု တွေ လုပ်လာနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်နယ် တဝိုက်မှာ လှုပ်ရှားနေတဲ့ DKBA တပ်ရင်းကို ဦးဆောင်နေတဲ့ ဒုတိယ ဗိုလ်မှူးကြီး စောကျော်သက်ကို ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဆိုပြီး ဘားအံ၊ တောင်ကလေး ဆရာတော်က တဆင့် အစိုးရက သီးခြား ဆက်သွယ်လာပါတယ်။

ဒါပေမဲ့ DKBA ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အစိုးရကို ပြန်တိုက်တဲ့ အချိန်ကတည်းက KNUနဲ့ စစ်ရေးအရရော၊ နိုင်ငံရေး အရပါ မဟာမိတ် ပြန်လုပ်ခဲ့တာကြောင့် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးချင်ရင် KNUနဲ့ပါ ဆက်သွယ်ဖို့ လိုတယ်လို့ ဒုတိယ ဗိုလ်မှူးကြီး ကျော်သက် က ဘီဘီစီကို ပြောပါတယ်။

တခါ ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နဲ့ မိုင်းလား တပ်ဖွဲ့တို့ကို လည်း အစိုးရက မကြာသေးခင်က ငြိမ်းချမ်းရေး ကမ်းလှမ်းစာ ပေးပို့ခဲ့ပါတယ်။

မိုင်းလားတပ်ဖွဲ့ကို ပေးလာတဲ့ စာထဲမှာတော့ အစိုးရက ကြိုးစား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ကိစ္စအတွက် ဆက်သွယ်လာတာ ဖြစ်တဲ့ အတွက် ငြိမ်းချမ်းရေး ကိစ္စ အပြင် တခြား ပြဿနာတွေ ရှိရင်လည်း သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင် တွေကို ဆက်သွယ် ညှိနှိုင်း နိုင်တယ်လို့ ရေးထားကြောင်း မိုင်းလား တပ်ဖွဲ့ အရာရှိတဦးက ပြောပါတယ်။

ဝတပ်ဖွဲ့ဖက်ကလည်း သူတို့ကို ပန်ဆန်း ဌာနချုပ်ကို အစိုးရရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းစာ ရောက်ရှိလာတဲ့ အကြောင်းကို အတည်ပြုပြောပေမဲ့ အဲဒီ ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ဗဟို ဌာနချုပ်မှာ ဆွေးနွေးမှု မလုပ်ရသေးတဲ့ အတွက် ဘာမှ အသေးစိတ် ထုတ်ဖေါ် မပြောနိုင် သေးဘူးလို့ UWSA ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့်က ပြောပါတယ်။

Image caption ရွာသားတွေကို KIA အဖွဲ့ထဲ အဓမ္မ ဝင်ခိုင်းနေ တယ် လို့ အစိုးရ သတင်းစာတွေမှာ ဖေါ်ပြ

နောက်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်တဲ့ KIA ကချင် လွတ်လပ်ရေး တပ်မတော် နဲ့တော့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ အရှိန်တန့်နေတာ တွေ့ရတဲ့ အပြင် ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ကချင်ပြည်နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အတွင်းက ရွာသားတွေကို KIO / KIA အဖွဲ့က သူတို့ တပ်ဖွဲ့တွေထဲ အတင်းအဓမ္မ ဝင်စစ်မှုထမ်းခိုင်းနေတယ်လို့ ဖေါ်ပြထားပြီး KIOရဲ့ ဒီလုပ်ရပ်တွေကြောင့် ဒေသတွင်း တည်ငြိမ်ရေး၊ ကျေးလက် ပြည်သူတွေရဲ့ လုံခြုံရေး၊ စီးပွားရေး ဘဝ တွေကို ထိခိုက် နစ်နာစေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါပေမဲ့ KIO ကတော့ ဒီစွပ်စွဲချက်တွေဟာ မဟုတ်မမှန်ဘူးလို့ ငြင်းဆိုလိုက်ပြီး ဒီဒေသတွေဟာ အစိုးရ တပ်ဖွဲ့တွေ ထိန်းချုပ်တဲ့ ဒေသတွေ ဖြစ်တာမို့ KIA အနေနဲ့ ဒီလို လုပ်ဖို့ အခြေအနေမျိုး မရှိကြောင်းနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ ၁၉၉၄ ခုနှစ်က စပြီး KIA အနေနဲ့ အဓမ္မ စစ်သား စုဆောင်းတာမျိုး မရှိတော့ပဲ KIA တပ်ဖွဲ့ဝင် လူငယ်တွေဟာ ကိုယ့်သဘော ဆန္ဒနဲ့ ကိုယ် စစ်ထဲ ဝင်လာတာ ဖြစ်ကြောင်း KIO တွဲဘက် အတွင်းရေးမှူး ဦးလာနန်းက ဘီဘီစီကို ပြောပါတယ်။