လွှတ်တော်နဲ့ သမ္မတ အကြား ချိန်ခွင်လျှာ

  • 2 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥပဒေကြမ်းကော်မတီက ထောက်ခံပြီးသာ ဥပဒေကို ပြန်စဉ်းစားဖို့ ဒီကနေ့ဆုံးဖြတ်

နေပြည်တော်မှာ ဒီကနေ့ ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ သမ္မတနဲ့ ပညာရေးဝန်ကြီးက တင်လာတဲ့ ဥပဒေ ကြမ်းတခုကို ဆုံးဖြတ်ချက် မချသေးပဲ ရက်ရွှေ့လိုက်ရတယ်လို့ သိရပါတယ်။

သမ္မတနဲ့ ပညာရေးဝန်ကြီးတို့ တင်လာတဲ့ ကိုယ်ပိုင်ကျောင်းဥပဒေအပေါ် ရန်ကုန်တိုင်း အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် အပါအဝင် ကိုယ်စားလှယ်လေးဦးက ပြန်ဆွေးနွေးခဲ့တာကို လွှတ်တော်ဥက္ကဌက လက်ခံခဲ့ပြီး သူတို့ရဲ့ ဆွေးနွေးချက်တွေဟာ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖြစ်တယ်ဆိုပြီး၊ အဲဒီဥပဒေကို ဆုံးဖြတ်ချက်မချသေးဘဲ ရက်ရွှေ့လိုက်တာဖြစ်ပါတယ်။

အခုလို သမ္မတကိုယ်တိုင်က တင်လာပြီး ဥပဒေမူကြမ်းကော်မတီကလည်း ထောက်ခံပြီးသား ဥပဒေမူကြမ်းကို ရက်ရွှေ့လိုက်တာဟာ ထူးခြားတယ်လို့ ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

နောက်ဥပဒေကြမ်းတခုဖြစ်တဲ့ လွှတ်တော်ရုံး ဥပဒေကြမ်း ကိုတော့ လွှတ်တော်ရဲ့ သဘော ထားကို တောင်းခံပြီး ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သင်္ကန်းကျွန်း လွှတ်တော်အမတ် ဦးသိန်းညွန့်ကတော့ သူတို့တင်ထားတဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဆက်လက်ထုတ်ပြန်ရေးနဲ့ အကျဉ်းထောင်ဥပဒေ ပြုပြင်ရေး ကိစ္စရပ်တွေဟာ လူထုအတွက် အကျိုးပြုတယ်လို့ ဘီဘီစီကိုပြောပါတယ်။

ဒီကိစ္စရပ်တွေကို သမ္မတက ဘယ်လောက်မြန်မြန် လုပ်ဆောင်နိုင်မှာလဲ ဆိုတာကိုတော့ - လွှတ်တော်ကနေ သမ္မတကို တင်မြှောက်ထားတာဖြစ်လို့ လွှတ်တော်ကို လေးစားလိမ့်မယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။