မန္တလေး ရေကြီးပြီး နှစ်ပတ် ကြာတဲ့ထိ ရေမကျသေး

  • 3 စက်တင်ဘာ 2011
Mandalay flood
Image caption မန္တလေး မြို့ပေါ် ရေကြီးနေစဉ်

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စပြီး ရွာနေတဲ့ မိုးကြောင့် ရေကြီးခဲ့တဲ့ မန္တလေး ရပ်ကွက် အတော်များများမှာ ခု သီတင်း နှစ်ပတ် ကြာလာချိန်ထိ ရေမကျသေး သလို ပြီးခဲ့တဲ့ အပတ်မှာ အိမ်တွေထဲ လူတရပ် ကျော်ထိ ရေဝင်ခဲ့တဲ့ ကျောက်ဆည် မြို့ဟာမှာ ရေတွေ ထွက်မသွား သေးပါဘူး။

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က စပြီး ရေဝင် နေတဲ့ မန္တလေး မြို့စွန် တက်သေးအင်း ကန်တော်ကြီး ဝန်းကျင်က ညောင်ကွဲ ရပ်ကွက်၊ ဧရာထွန်း ရပ်ကွက်နဲ့ တောင်မြို့ ဝန်းကျင်တွေမှာ ခုချိန်ထိ ရေတွေက တင်ကျန်ဆဲ ဖြစ်တယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

ကျန်နေတဲ့ ရေတွေက အနံ့ဆိုးတွေ ထွက်နေတဲ့ အပြင် သောက်ရေတွင်း တွေကလည်း မသန့်ရှင်း တော့လို့ စားဝတ် နေရေးနဲ့ ကျန်းမာရေး ပြဿနာတွေကို ရင်ဆိုင် နေရတယ်လို့ ပြောပါတယ်။

ဒီပြဿနာတွေကို မန္တလေးက ဗြဟ္မစိုရ်၊ ချမ်းမြသုခ၊ နိဗာန်သုခ နဲ့ စိမ်းရောင်စို စတဲ့ လူမူရေး အဖွဲ့တွေက အကူအညီ ပေးနေကြပါတယ်။

မန္တလေးမှာ ခုလို ရေကြီးတာတွေဟာ ရေနုတ်မြောင်း စနစ်တွေ ချို့ယွင်း လာတာကြောင့် ဖြစ်တယ်လို့ ရေဘေး ကယ်ဆယ်ရေး လုပ်နေသူ တယောက်က ဘီဘီစီကို ပြောပါတယ်။

အဓိကကတော့ မန္တလေးရဲ့ ရေနုတ်မြောင်း စနစ်မှာ ချို့ယွင်းချက်တွေ ရှိနေပုံ ရပါတယ်။

မန္တလေးမှာ ရေဆိုး ထုတ်တဲ့ ခေျာင်းတွေထဲမှာ ရွှေတချောင်း၊ သိင်္ဂဇာချောင်း စသဖြင့် ရှိပါတယ်။

သိင်္ဂဇာချောင်းဟာ အဓိကက ကန်တော်ကြီး ဆိုတဲ့ တက်သေးအင်းကို စီးဝင်ပါတယ်။

အဲ့ဒီ ကန်ကြီးတွေကို ငါးမွေးကန်ကြီးတွေ လုပ်တဲ့ အခါကျတော့ ရေအသွင်း အထုတ်မှာ ပြဿနာ ရှိနေပုံ ရပြိး ရွှေတချောင်းထဲကို ဝင်ရမယ့် ရေတချို့က ရွှေတချောင်းမြောင်း ပိတ်နေတဲ့ အခါမှာ ပတ်ပြီးတော့ ညောင်တွဲ ရပ်ထဲကို ဝင်နေတယ်လို့ မန္တလေး မြို့ခံက ဘီဘီစီကို ပြောပြပါတယ်။

ကျန်းမာရေး မကောင်းတဲ့ သူတွေကို မန္တလေး မြို့ပေါ်က လူမှုရေး အဖွဲ့တွေ အပါအဝင် စေတနာရှင် ဆရာဝန်တွေက ရပ်ကွက်အလိုက် လှည့်လှည် ကုသ ပေးနေပါတယ်။

အလားတူပဲ ပြီးခဲ့တဲ့ အပတ်က ဇော်ဂျီ မြစ်ရေ လျှံတက်ခဲ့လို့ ရေမြုပ်သွားတဲ့ ကျောက်ဆည် မြို့က ဆူးကုန်း၊ တံတားလယ် နဲ့ ကြက်မင်းတွန် ရပ်ကွက်က နေအိမ် တထောင်ကျော် မှာလည်း ရေတွေက အဝင်သာ ရှိပြီး ထွက်ပေါက် မရှိလို့ ဒီတိုင်း တင်ကျန် နေတာ ကြောင့် ဒေသခံတွေ ကျန်းမာရေး ထိခိုက်နေတဲ့ အကြောင်း ကျောက်ဆည် ဒေသခံ တယောက်က ပြောပါတယ်။

မနေ့ကတယောက် ဖျားနာလို့ သေပြီး ဒီနေ့တယောက် သေတယ်လို့ သတင်း ရရှိပါတယ်။

ပြည်သူတွေ မဲထည့် ထားတဲ့ ကြံ့ခိုင်ရေးကလည်း ပေါ်ကိုမလာတော့ဘူး၊ တသီး ပုဂ္ဂလ အနေနဲ့ လာလှူတာတွေနဲ့ပဲ စားနေကြရတယ်၊ သမ္မတကြီး ဦးသိန်းစိန်ကို သိစေချင်တယ်၊ ဒါကြီးက အနော်ရထာမင်း လက်ထက် ကတည်သွားတာ၊ လုံးဝ ရေမတက်ခဲ့ဘူး၊ အခုကျမှပဲ ရေကာတာတွေ ဆောက်လိုက်လို့ အခုကလို ရေတက်ကုန်တာ၊ ဇော်ဂျီကို ဆယ်လည်း မပေးသလို ကျောက်တမံလည်း ရိုက်မပေးဘူး၊ အဲ့ဒါ မလုပ်သေး သရွေ့ကတော့ ဒုက္ခ ရောက်နေမှာပဲလို့ ကျောက်ဆည် မြို့ခံက ဘီဘီစီကို ပြောပြပါတယ်။

ပြီးခဲတဲ့လက မိုးကောင်းခဲ့လို့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်းက မြို့နယ်တချို့ ရေကြီးခဲ့ပြီး လူနေအိမ်နဲ့ စိုက်ပျိုးမြေ ဧက ထောင်ချီ ရေမြုပ်ခဲ့သလို ရှမ်းပြည်နယ် ညောင်ရွှေနဲ့ ရွှေညောင်မြို့တွေမှာလည်း လူနေအိမ် တထောင်ကျော် ရေမြုပ် ခဲ့ပါတယ်။

ဒီလိုပဲ ချင်းပြည်နယ်မှာ မိုးများခဲ့လို့ တီးတိန်မြို့နယ်က ရွာ ၂၀လောက် တောင်ကျရေ တိုက်စားပြီး လူနေအိမ်တွေနဲ့ ကားလမ်းတွေ ပျက်စီး ခဲ့ပါသေးတယ်။

ဒီလို ပျက်စီး ဆုံးရှုံး တာတွေကို ကိုယ်ထူ ကိုယ်ထ ပြန်တည်ဆောက် ရသလို လူမှုရေး အဖွဲ့တွေနဲ့ တသီး ပုဂ္ဂလ အလှူရှင်တွေကပဲ ကူညီကြတယ်လို့ ကာယံကံရှင် ရေဘေး သင့်သူတွေက ပြောပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ကူညီမှုတွေကတော့ အားနည်းနေပြီး ထိရောက်မှု မရှိဘူးလို့ ရေနစ်မြုပ်တဲ့ ဒေသတွေမှာ ရှိတဲ့ ရေဘေး ဒုက္ခသည်တွေက ပြောဆို နေပါတယ်။