ဒီကေဘီအေ ရှိသေးကြောင်း တိုက်ပွဲဖော်ပြ

  • 4 စက်တင်ဘာ 2011
Image caption ဒီကေဘီအေ အဖွဲ့ရှိတယ်ဆိုတာကို ပြချင်လို့ တိုက်တာလို့ ဒီကေဘီအေ ဗိုလ်ကြီးကပြော

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်ဖွဲ့ DKBA ဟာ မြဝတီ မြို့နယ်က နယ်ခြားစောင့်တပ်တွေနဲ့ ဘုရားသုံးဆူးမြို့နယ်ရှိ အစိုးရတပ်တွေ ကို တနင်္ဂနွေနေ့မှာ ဝင်ရောက် တိုက်ခိုက်ခဲ့ ပါတယ်။

မြဝတီမြို့ တောင်ဘက် မိုင် ၅၀ လောက်အကွာ ဖလူးလေးရွာမှာ ရှိတဲ့ ကရင်နယ်ခြားစောင့် တပ်ကို ဗိုလ်နှုတ်ခမ်းမွေးဦးဆောင်တဲ့ ဒီကေဘီအေ အဖွဲ့က ဝင်တိုက်တာဖြစ်ပြီး၊ ဗိုလ်အေဝမ်းဦးဆောင်တဲ့ အဖွဲ့ကတော့ ဘုရားသုံးဆူအနားက အစိုးရတပ်ကို ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းနယ်စပ် လုံခြုံရေး အရာရှိတွေက ပြောပါတယ်။

အခုလို ဝင်တိုက်ရခြင်းဟာ DKBA အဖွဲ့မရှိတော့ဘူးဆိုပြီး ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက် ရေးနဲ့ ဒီမိုကရေစီပါတီက မနေ့က ထုတ်ပြန်ခဲ့တဲ့အပေါ် DKBA ရှိကြောင်း ပြသဖို့ အတွက် ဖြစ်တယ်လို့ ဒီကေဘီအေ ကလို့ထူးဝါး စစ်ဗျူဟာက ဗိုလ်ကြီးစောသရီးတူးက ဘီဘီစီကို ပြောပါတယ်။

ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီ ပါတီ ဆိုတာကတော့ ပြီးခဲ့တဲ့နှစ်တုန်းက ဒီကေဘီအေကနေ နယ်ခြားစောင့် အသွင် ပြောင်းရာမှာ အသက် ၅၀ ကျော် သွားလို့ နယ်ခြားစောင့်တပ်ကို ဝင်ခွင့်မရတဲ့သူတွေနဲ့ ဖွဲ့စည်းပေးထားတဲ့ နိုင်ငံရေးပါတီ တခု ဖြစ်ပါတယ်။

ဖလူးလေးရွာမှာ ဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဘက် အထိအခိုက် မရှိပေမယ့် ဘုရားသုံးဆူဘက်မှာ ဖြစ်တဲ့ တိုက်ပွဲမှာတော့ အစိုးရစစ်တပ်က နှစ်ယောက်ဒါဏ်ရာရပြီး ဒီကေဘီအေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ ဗိုလ်ကြီးစောသရီးတူးက ပြောပါတယ်။

ဒီကေဘီအေကို အစိုးရစစ်တပ်အရာရှိတွေက အပြုတ်တိုက်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်း တွေ ထွက်ပြီးတဲ့ နောက်မှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေအနေနဲ့ ပြည်နယ်အစိုးရတွေနဲ့ ဆက်သွယ်နိုင်တယ်လို့ သမ္မတဦးသိန်းစိန်က ကြေညာ ခဲ့ပါတယ်။

အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီးတော့လည်း ဒီကေဘီအေအဖွဲ့ အနေနဲ့ တဖွဲ့ချင်း သီးခြား ဆွေးနွေးမှာမဟုတ်ပဲ၊ တခြားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေပါ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမျိုးကို လိုလားတယ်လို့ပြောပါတယ်။

ကချင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲမပြတ်

Image caption ကချင်ပြည်နယ်ဘက်မှာတော့ စနေနေ့က တိုက်ပွဲ ၂ ခု ဖြစ်ပွားခဲ့ပါတယ်

ကချင်လွပ်လပ်ရေးတပ်မတော် KIA နဲ့ အစိုးရစစ်တပ်အကြား ပစ်ခတ်တိုက်ခိုက်မှု တွေလည်း ဆက်ရှိနေပြီး စနေနေ့ကဆိုရင် နေရာ (၂) ခုမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

စနေနေ့ မနက် (၅) နာရီလောက်က ဝိုင်းမော် မြို့နယ်၊ ရွှေညောင်ပင်နဲ့ ဂါးရာရံရွာ အကြား၊ ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃) က တပ်ဖွဲ့ဝင်တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် က တပ်ဖွဲ့တွေအကြား မိနစ် (၂၀) ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရ စစ်တပ်ဘက်က (၄) ဦး ကျဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအိုင်အေဘက်က ပြောပါတယ်။

အလားတူပဲ၊ ‘မိုကျစ်’ ရွာနဲ့ ‘လမြန်’ရွာအကြား မှာတော့ မနက် ၈ နာရီ လောက် အချိန်မှာ ကေအိုင်အေ တပ်ရင်း(၃) တပ်ဖွဲ့၀င်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အစိုးရတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးပြီး၊ အနည်းဆုံး (၂) ဦး လောက် ဒဏ်ရာရသွားခဲ့တယ်လို့ ကေအိုင်အေ ရှေ့တန်း စစ်ဖက်ရပ်ကွက်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။