ခရီးသွား လုပ်ငန်း ခွန်လျှော့ပေးဖို့ တောင်းဆို

  • 5 စက်တင်ဘာ 2011

မြန်မာ့ ခရီးသွား လုပ်ငန်းက ပေးရတဲ့ အခွန်ငွေ တချို့ကို လျှော့ပေါ့ ပေးဖို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ရှင်များ အသင်းက ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဌာနကို တောင်းဆို ထားပါတယ်။

Image caption ကမ္ဘာလှည့် ခရီးသွားတွေ လာရင် ရွှေတံဂုံ ကိုလည်း သွားလေ့ ရှိကြ

တခြား ပို့ကုန် လုပ်ငန်းတွေကို အစိုးရက အခွန် လျှော့ပေါ့ ပေးသလို ခရီးသွား လုပ်ငန်း တိုးတက် လာရေးအတွက် အခွန်လျှော့ပေးဖို့ တင်ပြထား တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်း ရေးမှူး ဦးတင်ထွန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အခု လောလောဆယ်မှာ ခရီးသွား ကုမ္ပဏီတွေဟာ ကမ္ဘာလှည့် ခရီးသည် တွေ ဆီကရတဲ့ ငွေထဲက ဝင်ငွေခွန်ကို ၂ ရာခိုင်နှုန်းနဲ့ ကုန်သွယ် စီးပွားခွန် ၅ ရာခိုင်နှုန်း အစိုးရကို ပေးဆောင်ရ ပါတယ်။

ပြည်ပပို့ကုန် လုပ်ငန်း တိုးတက် အောင်မြင်စေဖို့ ရည်ရွယ်ချက်နဲ့ ကုန်သယ်ခွန် ကိုလုံးဝ ကင်းလွတ်ခွင့် ပေးခဲ့တာ ရှိပေမဲ့ သူတို့ ကိုတော့ ဘယ်ပုံစံနဲ့ ဘယ်လောက် လျှော့ပေးမယ် ဆိုတာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပေါ်မှာသာ မူတဲ့ အကြောင်း ဦးတင်ထွန်းအောင်က ပြောပါတယ်။

အခွန် ငွေ အခွန်လျှော့ပေါ့ ပေးမယ်လို့လည်း မျှော်လင့် ထားတဲ့အကြောင်း သူက ပြော ပါတယ်။

ပြီးခဲ့တဲ့ နှစ်က မြန်မာ နိုင်ငံကို လေယာဉ်နဲ့ ဆိုက်ရောက် လာတဲ့ ကမ္ဘာလှည့် ခရီးသည် ပေါင်း သုံးသိန်း တစ်သောင်းကျော် ရှိခဲ့ပြီး အခုနှစ် မှာတော့ လစဉ် ၁၅ ရာခိုင်နှုန်း ကနေ ၂ဝ ရာခိုင်နှုန်းလောက် တိုးမြင့် လာနေတယ် လို့လည်း ဦးတင်ထွန်းအောင်က ဆက်ပြောပါတယ်။

ဒါကြောင့် အခုနှစ်မှာ ခရီးသည် ၃ သိန်းခွဲ လောက် လာရောက် လည်ပတ်နိုင်တယ်လို့ ခန့်မှန်းထား တယ်လို့လည်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က ပြောပါတယ်။