ဒီကေဘီအေ ပြန်ဖွဲ့

  • 6 စက်တင်ဘာ 2011
DKBA ဓာတ်ပုံ မူပိုင် afp
Image caption ဒီကေဘီအေ တပ်များ စစ်ရေး လေ့ကျင့်

၂၀၁၀ ခုနှစ် သြဂုတ်လမှာ ဒီကေဘီအေ တပ်တချို့ နယ်ခြား စောင့်တပ် အသွင် ပြောင်းသွား ကြပြီးနောက် နယ်ခြားစောင့် တပ်ကို လက်မခံပဲ ဒီကေဘီအေ အဖြစ်နဲ့ အစိုးရကို ပြန်တိုက် နေတဲ့ တပ်ဖွဲ့တွေ အားလုံး ပေါင်းလိုက်ပြီး မနေ့က ဒီကေဘီ အေကို ပြန်လည် ပြင်ဆင် ဖွဲ့စည်းခဲ့ ပါတယ်။

ပြန်လည် ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ဒီကေဘီအေ အဖွဲ့ကို ဗိုလ်နှုတ်ခမ်းမွှေးလို့ လူသိ များတဲ့ ဗိုလ်ချုပ် စောလာပွယ်က ဦးဆောင်ပြီး စစ်ရေးနဲ့ နိုင်ငံရေး နှစ်ခု စလုံးနဲ့ အစိုးရကို တိုက်ခိုက် သွားမယ်လို့ ဒီကေဘီအေက ပြောပါတယ်။

ဒီလို ပြန်လည် ပြင်ဆင် ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီးတော့ ဒီကေဘီအေ အရာရှိ ဗိုလ်ကြီး စောသရီးတူးက 'ရည်ရွယ်ချက် ကတော့ ကျွန်တော်တို့ ကလို့ထူးဘော အောက်က တပ်ရင်း၊ တပ်ဖွဲ့ အားလုံးမှာ ကျွန်တော်တို့ တသွေး တသံ တမိန့် ဖြစ်အောင် ဟန်ချက် ညီညီနဲ့ လုပ်နိုင်အောင် ကျွန်တော်တို့ ဖွဲ့စည်းတာ ဖြစ်တယ်' လို့ ပြောသွားတာပါ။

အခု ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ဒီကေဘီအေ အဖွဲ့မှာ ကလို့ ထူးဘော စစ်ဌာနချုပ်နဲ့ စစ်တိုင်း နှစ်ခု ပါပါ တယ်။

ကရင်ပြည်နယ် မြဝတီ ကော့ကရိတ် တောင်ဖက်ကနေ ဘုရားသုံးဆူ အထိကို ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်တဲ့ ကလို့ ထူးဝါး စစ်ဗျူဟာက တာဝန် ယူပြီးတော့ မြ၀တီမြို့ မြောက်ဖက်ကနေ မြိုင်ကြီးငူ ဒေသ အထိနဲ့ ဘားအံ လှိုင်းဘွဲ့ဘက်ကိုတော့ ဗိုလ်မှူးချုပ် စောဘိခို့ ဦးဆောင်တဲ့ ကလို့ ထူးလား စစ်ဗျူဟာက တာဝန် ယူပါတယ်။

အခု ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ ဒီကေဘီအေ အဖွဲ့ဟာ ကေအင်ယူနဲ့ အတူ စစ်ရေးကော နိုင်ငံရေး နှစ်ဖက် စလုံးမှာ ပူးတွဲ ဆောင်ရွက် သွားမယ်လို့ ဒီကေဘီအေက ပြောပါတယ်။