မြန်မာ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်း

  • 6 စက်တင်ဘာ 2011
quintana ဓာတ်ပုံ မူပိုင် AP
Image caption မကြာသေးခင် ပဲ မစ္စတာ ကင်တားနား က မြန်မာ ပြည် မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များ ပြား နေဆဲ လို့ ဆို

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ဖွဲ့စည်းထားပြီး ဖြစ် ကြောင်း အင်္ဂါနေ့ ထုတ် အစိုးရ သတင်းစာ တွေ မှာ ဖော်ပြ ထား ပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ အဲဒီ့ မြန်မာ့ လူ့အခွင့် အရေး ကော်မရှင်မှာ အငြိမ်းစား သံအမတ် ဦးဝင်းမြ က ဦးဆောင်ပြီး တခြား အငြိမ်းစား သံအမတ် တွေ ၊ အငြိမ်းစား အစိုးရ အရာရှိတွေ၊ ပညာရပ်ဆိုင်ရာ အငြိမ်းစား တက္ကသိုလ် ပါမောက္ခ တွေ ပါဝင် ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် အဖြစ် တာဝန်ယူခဲ့ဘူးတဲ့ အငြိမ်းစား သံအမတ် ဦးကျော်တင့်ဆွေ က အခု လူ့အခွင့် အရေး ကော်မရှင် မှာ ဒု ဥက္ကဌ အဖြစ် တာဝန်ယူ ပါ လိမ့်မယ်။

နိုင်ငံတော် သမ္မတ အကြံပေး ဒေါက်တာ နေဇင်လတ် က အခု အဖွဲ့ ဟာ အရင်တုန်း က လူ့အခွင့်အရေး အဖွဲ့ လို ဝန်ကြီးဌာန တခု ရဲ့ အောက်မှာ ထည့်မထား တဲ့ အတွက် သီးခြား လွတ်လွတ်လပ်လပ် လုပ်ကိုင် နိုင်မယ့် အခြေအနေ မှာ ရှိမယ့် အကြောင်း ဘီဘီစီ ကို ပြော ပါတယ်။

လူ့အခွင့်အရေး ကာကွယ်ရေး နဲ့ မြှင့်တင်ရေး တွေ ကို အခု ကော်မရှင် အနေနဲ့ ဆောင်ရွက် သွားမှာပါ လို့ မြန်မာနိုင်ငံ သမ္မတ အကြံပေး က ဆိုပေမယ့်လည်း အခု ကော်မရှင် အနေနဲ့ မြန်မာ ပြည်သူပြည်သား တွေ လူ့အခွင့်အရေး အာမခံချက် ရရှိအောင် ဘယ်လို လုပ်ငန်း တွေ လုပ်ဆောင် သွားမလဲ ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မရှိ ပါဘူး။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရပ်စဲ ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်း အဝိုင်း က တိုက်တွန်း ဖိအားပေးနေပေမယ့် လည်း အခု အချိန်ထိ လူ့အခွင့်အရေး ချိုးဖောက် မှု တွေ က ရှိနေဆဲ ဖြစ်ပါတယ်။