ယာဉ်ထိန်းရဲ အကူအညီနဲ့ လမ်းပေါ်မှာ မီးဖွား

  • 7 စက်တင်ဘာ 2011
Image caption ယာဉ်ပိတ်ဆို့မှုကြောင့် လမ်းမှာတင် မွေးဖွားရ တဲ့ အဖြစ်မျိုးတွေ ဘန်ကောက်မှာ မကြာခဏရှိ

ဘန်ကောက်မြို့က မြန်မာအလုပ်သမား ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးဟာ ယာဉ်ပိတ်ဆို့မှုတွေကြောင့် တက္ကစီအငှါးယဉ် ပေါ်မှာတင် ကလေးမွေး လိုက်ရပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်ပိုင်းက အသက် ၂၂ နှစ်အရွယ် ကရင်အမျိုးသမီး နန်းစမ်းစမ်းသိန်း ဟာ ကလေးမွေးဖို့အတွက် ဗိုက်အရမ်းနာလာလို့ တက္ကစီကားငှားပြီး ဆေးရုံအသွား လမ်းမှာ ယာဉ်ပိတ်ဆို့မှုတွေ ရှိနေတာကြောင့် ဆေးရုံ မရောက်ခင် လမ်းမှာပဲ ယာဉ်ထိန်းရဲ အကူအညီ နဲ့ မီးဖွားခဲ့တာ ဖြစ်ပါတယ်။

နန်းစမ်းစမ်းသိန်းက ကလေးရော မိခင်ပါ ကျန်းမာကြောင်းနဲ့ အခုတော့ ရတ်ချ်ဝိထီ ဆေးရုံ မှာ ဆေးကုသမှု ခံယူနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။ နောက်ပြီး သူ့ကို ကူညီပြီး မွေး ပေးခဲ့တဲ့ ယာဉ်ထိန်းရဲကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ဘန်ကောက်မြို့ လမ်းပေါ်တွေပေါ်က ယာဉ်ပိတ်ဆို့မှုတွေဟာ ဆိုးရွားလွန်းလှတဲ့အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတချို့ဟာ ဆေးရုံကို အချိန်မီ မရောက်ဘဲ အခုလို ကားပေါ်မှာ တင် မွေးဖွားရတဲ့ အဖြစ်မျိုးတွေ မကြာ ခဏရှိပါတယ်။

ဘန်ကောက်မြို့က ယာဉ်ထိန်းရဲတွေအနေနဲ့ အခုလိုဖြစ်ရပ်မျိုးတွေမှာ ကလေး မမွေးသေး ဘူးဆိုရင် ဆေးရုံကို အမြန်းဆုံးရောက်အောင် ကူညီခေါ်ဆောင်သွားရကြောင်း၊ တကယ်လို့ ကားထဲမှာ မွေးဖွားပြီ ဆိုရင်တော့ ကလေးအသက်ရှူအောင် သန့်ရှင်းမှု အရင်လုပ်ပေးရပြီး၊ ကလေးရော မိခင်ပါ အန္တရာယ်မရှိဘူး ဆိုတော့မှ ဆေးရုံ ဆေးခန်းကို အမြန်ဆုံးရောက် အောင် စီစဉ်ပေးရတယ်လို့ နန်းစမ်းစမ်းသိန်းကို ကူညီ မီးဖွားပေးခဲ့တဲ့ ယာဉ်ထိန်းရဲ အရာခံဗိုလ် ဖိချေတ်ဝိစေတ် က ရှင်းပြပါတယ်။

ဘန်ကောက်မြို့ လမ်းတွေမှာ ယာဉ်ထိန်းရဲတွေရဲ့ အရေးပေါ် ကူညီ မီးဖွားပေးရေး အစီအစဉ် ကို လွန်ခဲ့တဲ့ ၁၈ နှစ်က စတင် ခဲ့တာဖြစ်ပြီး၊ အခုဆိုရင် ကလေးပေါင်း ၁၀ဝ နီးပါးကို မွေးဖွားပေးခဲ့ပြီလို့ အဲဒီ ရဲအရာခံဗိုလ်က ပြောပါတယ်။