တိုင်းရင်းသားဘာသာ သင်ကြားခွင့်ရတော့မယ်

  • 7 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည် ပြုရင် ဖြည့်စွက်ဘာသာ သင်ကြားခွင့်ရပြီ

အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပုဂ္ဂလိကကျောင်းဖွင့်ခွင့် ဥပဒေမူကြမ်းနဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေမူကြမ်းတွေကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက် ပါတယ်။

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ ပုဂ္ဂလိက ကျောင်းဖွင့်ခွင့် ဥပဒေမူကြမ်းအရဆိုရင် ဖြည့်စွက်ဘာသာရပ် သင်ကြားခွင့်ရသွားတဲ့ အတွက် တိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ ရိုးရာယဉ်ကျေးမှုတွေကိုပါ သင်ခွင့်ရမှာ ဖြစ်ပါတယ်။

ပုဂ္ဂလိကျောင်းတွေအနေနဲ့ အစိုးရ သင်ရိုးညွှန်းတမ်းတွေကို အဓိကပြဌာန်းရမှာ ဖြစ်ပြီး ထပ်ဆောင်း ဘာသာရပ်တွေနဲ့ တခြားဘာသာရပ်တွေ ကိုလည်း သင်ကြားခွင့် ရရှိကြမှာ ဖြစ်ပါတယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ရှင်းပြပါတယ်။

အဲဒီလို ထပ်ဆောင်းဘာသာရပ်တွေ သင်ကြားခွင့်ရှိလာတဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ ဘာသာစကားတွေ၊ စာပေ ယဉ်ကျေးမှုတွေကို သင်ကြားခွင့် ရကြမှာ ဖြစ်သလို၊ ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကကျောင်းတွေ အနေနဲ့ကလည်း အင်္ဂလိပ်စာ၊ တရုတ်စာနဲ့ ကွန်ပြူတာ ဘာသာရပ်တွေလို ထည့်သွင်း သင်ကြားနိုင်မှာ ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

နောက်တချက်တော့ ပုဂ္ဂလိကကျောင်းတွေမှာ ကျောင်းအင်္ဂါရပ်နဲ့ ကိုက်ညီစေဖို့ အစည်းအဝေးခန်းမတွေ၊ အားကစားကွင်းတွေ ရှိရမှာ ဖြစ်ပေမယ်လို့ အကျယ်အဝန်းကန့်သတ်ချက်တော့ မထားကြောင်း ဥပဒေကြမ်းကော်မတီက ရှင်းပြတယ်လို့ ပြောပါတယ်။

လွှတ်တော်ဆိုင်ရာ ဥပဒေမူကြမ်းတွေကတော့ လွှတ်တော် တခါးပိတ်အစည်းအဝေးက အကြောင်းအရာတွေ၊ လွှတ်တော်မှတ်တမ်းမှာ ပယ်ဖျက်ထားတဲ့အရာတွေနဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ဆိုင်တဲ့ကိစ္စရပ်တွေက မပေါက်ကြားစေဖို့ဖြစ်ပြီး အဲဒီအကြာင်းအရာတွေက လွဲပြီး တခြားကိစ္စရပ်တွေကို လွတ်လွတ်လပ်လပ် ပြောခွင့်ရှိတယ်လို့ ဆိုပါတယ်။

အခု အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်း ၂ ခုကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးမျာသာ ဥပဒေအဖြစ် ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။