US ကိုယ်စားလှယ်ကို ဘာတွေ ပြောကြ မလဲ

  • 7 စက်တင်ဘာ 2011

အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဒဲရက် မစ်ရှဲလ်ဟာ ပထမဆုံး မြန်မာ နိုင်ငံ ခရီးစဉ် အတွက် အမေရိကန် ကနေ ဗုဒ္ဓဟူးနေ့ကပဲ ထွက်ခွာ သွားခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် state dept
Image caption မစ္စတာ မစ်ရှဲလ် ရဲ့ ခရီးစဉ် အရေးပါတယ်လို့ အန် အယ်လ်ဒီ ပြော

သူ့ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးနဲ့ မြန်မာ ပြည်သူတွေ ဖွံဖြိုး တိုးတက်ရေး အတွက် ရည်ရွယ် တာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

မစ္စတာ မစ်ရှဲလ်က သူ့ရဲ့ ခရီးစဉ်အတွင်း အစိုးရ တာဝန်ရှိ သူတွေကို စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် တို့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အစိုးရ အနေနဲ့ လူ့အခွင့် အရေး ကိစ္စနဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စ တို့ကို အမေရိကန် သံတမန် နဲ့ အထူး အလေးထား ဆွေးနွေး နိုင်တယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

မြန်မာ အစိုးရ က မစ္စတာ မစ်ရှဲလ် ရဲ့ ခရီးစဉ်ကို လက်ခံတာကို ကြည့်ရင် အပြုသဘော ဆောင်တယ်၊ ပြည်တွင်းမှာ ဖြစ်ပေါ် တိုးတက်မှုတွေ ရှိနေပေမဲ့ ပြည်ပ ကနေ ကြည့်ပြီး သံသယတွေ ရှိနေ ကြတာ တွေ့ရတဲ့ အတွက် မစ္စတာ မစ်ရှဲလ် ရောက်လာရင် တကယ့် ဖြစ်ပေါ် တိုးတက်မှု တွေကို ကိုယ်တိုင် မျက်ဝါး ထင်ထင် တွေ့မြင် သွား လိမ့်မယ်လို့ လည်း ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

အရင်က ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုတွေ ရှိခဲ့ပေမဲ့ ပူးတွဲ ကြေညာချက် ထုတ်နိုင် ခဲ့တာ မရှိခဲ့ဘူး၊ အခု ကြေညာချက် ပူးတွဲ ထုတ်နိုင်တယ် ဆိုတာ တိုးတက်မှုလို့ သူက ထောက်ပြ ပါတယ်။

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး နောက်မှာ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်က တွေ့ဆုံမှုကို ကျေနပ်တယ်လို့ ပြောတာကို ကြည့်ရင်လည်း ဖြစ်ပေါ် တိုးတက်မှုတွေ ကို မြင်ရတာလို့ ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

အမေရိကန် ဘက်က လုပ်ပေးစေချင်တဲ့ အန်အယ်လ်ဒီရဲ့ သဘောထား

စက်တင်ဘာလ ၁၂ ရက်နေ့ မှာတော့ မစ္စတာ မစ်ရှဲလ်ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တို့နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

အဲဒီလို တွေ့ဆုံတဲ့ အခါ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေ အနေတွေနဲ့ ပတ်သက်တဲ့ တွေ့ရှိရတာ တွေကို ပြောမယ်၊ အပြုသဘော တိုးတက်မှု ရှိနိုင်တဲ့ အခြေ အနေ တွေကို အန်အယ်လ်ဒီ ဘက်က ပြောပြမယ်လို့ အန်အယ်လ်ဒီ ဗဟို ကော်မီတီဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

အမေရိကန် အစိုးရ ဘက်ကလည်း အန်အယ်ဒီ ကို တောက်လျှောက် ထောက်ခံ ခဲ့တဲ့ အတိုင်း ဆက်လက် ထောက်ခံ ပေးဖို့ လိုအပ် နေတယ်၊ အန်အယ်လ်ဒီ ဘက်က လက်ရှိ အစိုးရနဲ့ တတ်နိုင်သမျှ ညှိနှိုင်း ဆောင်ရွက် နေတာ တွေကို ရှင်းပြပြီး အဲဒီ အခြေ အနေတွေကို အထောက်အကူပြုမယ့် ထောက်ခံမှုမျိုး ပေးစေချင်တယ်လို့ သူက ဆက်ပြော ပါတယ်။

မစ္စတာ မစ်ရှယ်က သူ့ရဲ့ မြန်မာ နိုင်ငံ ခရီးစဉ်ကို စက်တင်ဘာ ၁၄ ရက်နေ့မှာ အဆုံး သတ်မှာ ဖြစ်ပြီး ခရီးစဉ် အတွင်းမှာ တခြား နိုင်ငံရေး ပါတီတွေ၊ လူမှု အထောက် အကူပြု အဖွဲ့ အစည်း တွေနဲ့လည်း တွေ့ဆုံ ဖို့ ရှိပါတယ်။