ကျောင်းကုန်းမြို့နယ်မှာ မြစ်ရေကြီးပြီး လယ်တွေပျက်

  • 8 စက်တင်ဘာ 2011
Image caption မြန်မာနိုင်ငံတဝှမ်း မိုးကြီး ရေလျှံမှုတွေ အခုနှစ် ဖြစ်ခဲ့

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်မှာ မြစ်ရေလျှံပြီး ကျေးရွာ ၂၀လောက် ရေမြုပ် နေရာမှာ လယ်ဧက ၂သောင်းကျော် လောက် ပျက်စီး ဆုံးရှုံးမဲ့ အနေအထား ရှိနေ တယ်လို့ သိရပါတယ်။

နေအိမ် အများအပြား ရေမြုပ်ကုန်ရာမှာ တချို့ တွေက ထပ်ခိုးတွေမှာ ဆက်နေနေ ကြပေမဲ့ ဝါးအိမ်နဲ့ နေပြီး ရေမလွတ်သူတွေ ကတော့ ဘုန်းကြီးကျောင်းတွေ၊ ကယ်ဆယ်ရေး စခန်း တွေမှာ ခိုလှုံနေကြရတယ်လို့ ကျောင်းကုန်းမြို့ နယ် ဒေသခံ တဦးက ဘီဘီစီကို ပြောပြပါတယ်။

လောလောဆယ် ကယ်ဆယ်ရေး စခန်း၂ခု ၃ခုလောက်ရှိတယ်လို့လည်း ပြောပါတယ်။

အခုအခါ စာသင်ကျောင်း တချို့ ပိတ်ထားရတယ်လို့လည်း ဆိုပါတယ်။

ရေဘေး ဒုက္ခသည်တွေကို ပရဟိတ အဖွဲ့တချို့က ဆန်တွေ လာလှူတာမျိုး ရှိပေမဲ့ အစိုးရက လာရောက် အကူအညီ ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ကျေးရွာ တရွာကို အိမ်ခြေ ၂၅ ရာခိုင်နှုန်းလောက် ထိခိုက် ပျက်စီးခဲ့ပြီး လယ်သမား မိသားစု ခန့်မှန်းချေ ၄ထောင်ကျော်လောက် ဒုက္ခ တွေ့နေကြတယ်လို့လည်း အဲဒီ ဒေသခံက ပြောပါတယ်။

ခါတိုင်းနှစ်တွေတုန်းက ကျောင်းကုန်းမြို့နယ်မှာ ဒီလောက် ဆိုးဆိုးဝါးဝါး ရေကြီးတာမျိုး မရှိခဲ့ပဲ အခုနှစ်မှာ ထူးထူးခြားခြား ရေကြီးခဲ့တာလို့လည်း ပြောပါတယ်။