နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2011 - 17:30 GMT

ဝ၊မိုင်းလားအဖွဲ့တို့နဲ့အစိုးရ အပစ်ရပ်ရေး ပဏာမ သဘောတူ

အရင်စစ်အစိုးရနဲ့လည်း အပစ်ရပ်ရေး UWSA သဘောတူခဲ့

မြန်မာအစိုးရသစ်ဟာ လက်နက်ကိုင် လူမျိုးစု အဖွဲ့တွေ ဖြစ်တဲ့ ဝပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် UWSA နဲ့ရော၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA မိုင်းလား အဖွဲ့နဲ့ပါ သီးခြားစီ တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်တွေ လက်မှတ် ရေးထိုး လိုက်ပါတယ်။

စက်တင်ဘာလ ၆ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် ရှမ်းပြည် လုံခြုံရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ ဦးဆောင်တဲ့ အဖွဲ့နဲ့ UWSA ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးပေါက်ယိုလျှံ၊ ဦးကျောက်ကျုံးထန်းနဲ့ ဦးအောင်မြင့်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

အလားတူပဲ စက်တင်ဘာလ ၇ရက်နေ့မှာ ဗိုလ်မှူးကြီး အောင်သူနဲ့ အဖွဲ့ဟာ NDAA မိုင်းလား အဖွဲ့ ဒုတိယ ဥက္ကဌ ဦးစံပေ့ ခေါင်းဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူချက် လက်မှတ် ရေးထိုးခဲ့ပါတယ်။

လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူချက်ပါ အချက်၄ချက်ထဲမှာ အပစ်အခတ် ရပ်စဲရေး၊ ပိတ်ထားတဲ့ ဂိတ်တွေ အပြန်အလှန် ပြန်ဖွင့် ပေးရေး၊ ဆက်သွယ်ရေးရုံးတွေ ပြန်ဖွင့်ရေးနဲ့ အရင်က ပြန်ရုတ်သိမ်းထားတဲ့ အစိုးရ ဝန်ထမ်းတွေ ပြန်လက်ခံရေးတွေ ပါဝင်ပါတယ်။

အရင် စစ်အစိုးရလက်ထက်က ကိုးကန့်တပ်ဖွဲ့ကို ဝင်တိုက်ခဲ့တဲ့အတွက် မိုင်းလား တပ်ဖွဲ့နဲ့ စစ်အစိုးရ ကြား ဆက်ဆံရေး တင်းမာ ခဲ့ရပါတယ်။

မိုင်းလားအဖွဲ့ လက်ခံ စောင့်ရှောက်ထားတဲ့ ကိုးကန့်အဖွဲ့ ခေါင်းဆောင် ဦးပုန်ကျားရှင်နဲ့ ဦးပုန်ကျားပူးတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ နဲ့ သူတို့ကို ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်း ထုတ်ထားတာကို ရုတ်သိမ်းပေးဖို့ ဒီဆွေးနွေးပွဲမှာ မိုင်းလားကိုယ်စားလှယ်တွေဖက်က တောင်းဆိုခဲ့ကြရာမှာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က သူတို့မှာ လုပ်ပိုင်ခွင့် အာဏာ မရှိတဲ့ အတွက် သမ္မတထံ တင်ပြမယ်လို့ အကြောင်းပြန်ခဲ့တယ်လို့ သိရပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။