ဗွီဒီယိုသတင်းထောက်တွေ ပြန်လွှတ်ရေး တောင်းဆိုဆန္ဒပြ

  • 9 စက်တင်ဘာ 2011
Image caption မလှလှဝင်းပုံ မျက်နှာဖုံးတွေ တပ်ပြီး လန်ဒန်မြို့ မြန်မာ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြ

မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံနေရတဲ့ ရုပ်မြင် သံကြား သတင်းထောက် မလှလှဝင်း အပါအဝင် ဗီဒီယို သတင်းထောက် ၁၇ ဦး ပြန်လွှတ်ပေးဖို့ လန်ဒန်၊ ဘန်ကောက်၊ ပြင်သစ်နဲ့ ဂျနီဗာမြို့တွေက မြန်မာသံရုံး တွေ ရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဒီဆန္ဒပြတွေပွဲကို ဒီမိုကရက်တစ် မြန်မာ့အသံ DVB ရဲ့ ရုပ်သံ သတင်းထောက်များ လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ (Free Burma VJ) က ဦးဆောင် စီစဉ်ခဲ့တာ ဖြစ်ပါ တယ်။

လန်ဒန်မြို့ မြန်မာသံရုံးရှေ့မှာတော့ မလှလှဝင်းကို စာနာတဲ့ ဗြိတိန်ရောက်မြန်မာ ၁၇ ဦးက မလှလှဝင်းပုံ မျက်နှာဖုံးတွေတပ်ပြီး ဆန္ဒပြခဲ့ကြရာ ဆန္ဒပြသူ စုစုပေါင်း လူ ၆၀ လောက် ရှိတယ်လို့ Burma VJ က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ကြီးက ပြောပါတယ်။

DVB က ရုပ်မြင်သံကြား သတင်းထောက် မလှလှဝင်းဟာ ၂၀၀၉ ခုနှစ် သံဃာ့အရေးအခင်း နှစ်ပတ်လည်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပြီး သူ့ကို အာဏာပိုင်တွေက ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။