စတော့စျေးကွက် ဖြစ်ဖို့ ဘာတွေပြင်သင့် သလဲ

  • 9 စက်တင်ဘာ 2011
korea stock ဓာတ်ပုံ မူပိုင် AP
Image caption တောင်ကိုရီးယား က စတော့စျေးကွက် တခု

သောကြာ နေ့က ကျင်းပခဲ့တဲ့ အမျိုးသား လွှတ်တော် မှာ မြန်မာနိုင်ငံ အနေနဲ့ ၂၀၁၅ ခုနှစ် ကျရင် စတော့ရှယ်ယာ စျေးကွက် ဖွင့်ဖို့ ကို လွှတ်တော် အမတ် တွေ က တင်ပြ ကြပြီး ဘဏ္ဍာရေး ဝန်ကြီး က လည်း သဘောတူ လိုက် ပါ တယ်။

မြန်မာနိုင်ငံမှာ စတော့စျေးကွက် ဖွင့်လှစ်နိုင်ရေး အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်း ဆယ်စုနှစ်ကျော် ကာလ ကတည်း က ဒိုင်ဝါ ဖောင်ဒေးရှင်း နဲ့ အတူ စီစဉ် ခဲ့ကြပေမယ့် စျေးကွက် မဖြစ်ပေါ်ခဲ့ပါဘူး။

စတော့စျေးကွက် ရှိရင် အများပြည်သူ တွေ အနေနဲ့လည်း ရင်းနှီးမြှုပ်နှံ နိုင်မှာ ဖြစ်တဲ့ အတွက် စတော့ စျေးကွက် ပေါ်ထွန်း လာရေး ကို အများက စိတ်ဝင်စားကြသလို အခု သတင်း ကို ကြိုဆိုကြပါတယ်။

သို့ပေမယ့် လည်း မြန်မာပြည် အနေနဲ့ စတော့ စျေးကွက် ပီပြင် စွာ ပေါ်ထွက်လာစေရေး အတွက် ပြင်ဆင်သင့်တာ တွေ က အများအပြား ရှိနေ ပါသေးတယ်။

စင်ကာပူ အခြေစိုက် မြန်မာ စီးပွားရေး သုတေသီ တဦးဖြစ်တဲ့ ဦးမျိုးမြင့် က စီးပွားရေး မှာ လွတ်လပ်စွာ ညီမျှစွာ ပြိုင်ဆိုင်နိုင်ခွင့် ကို အာမခံတာ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု ကို အကာအကွယ် ပေးတာ၊ မြန်မာ့ ငွေကြေး တန်ဘိုး ကို ယုံကြည်စိတ်ချ မှု ဖြစ်အောင် လုပ်တာ စတာ တွေကို ဦးဆုံး ပြင်ဆင်သင့် ကြောင်း ထောက်ပြ ပါတယ်။

စတော့စျေးကွက် ပေါ်ထွန်းပေမယ့် စျေးကွက် အတွင်း အရောင်း အဝယ် မရှိတဲ့ စတော့ စျေးကွက် တွေ လည်း နိုင်ငံ တချို့ မှာ ဖြစ်ပေါ်လာတဲ့ အတွက် စတော့ စျေးကွက် တကယ် ရှင်သန် နေအောင် လုပ်ဆောင် ရာမှာ နိုင်ငံတကာ က ရင်းနှီး မြှုပ်နှံသူတွေ အနေနဲ့ မြန်မာ့ ငွေကြေး ကို ယုံကြည် စိတ်ချ မှု က အရေးတကြီး လိုအပ်ချက် တရပ် ဖြစ်တယ် လို့ လည်း သူ က ဆိုပါတယ်။

အများပိုင် ကုမ္ပဏီ များ ပေါ်ထွန်းမှ စတော့ရှယ်ယာ စျေးကွက် လည်း ပေါ်ထွန်း လာမှာပါ။

ပြည်တွင်း စတော့ စျေးကွက် အဆင့် ကို အရင်မှန်းဆ လုပ်ကိုင်ရမှာ ဖြစ်ပြီး ဒေသအတွင်း ကိုယ့် စျေးကွက် ကို လက်ခံ လာတဲ့ အဆင့် ကနေ နိုင်ငံတကာ အဆင့် စတော့ စျေးကွက် ကို တက်လှမ်း သွားဖို့ စသဖြင့် တဆင့် ပြီး တဆင့် လုပ်သင့် ကြောင်း လည်း နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု စျေးကွက် တွေ အကြောင်း လေ့လာထား တဲ့ စီးပွား ရေး သုတေသီ ဦးမျိုးမြင့် က ဘီဘီစီ ကို ပြောပါတယ်။