မစ္စတာ မစ်ချဲလ် လွှတ်တော် ကိုယ်စားလှယ် တွေနဲ့ တွေ့

  • 9 စက်တင်ဘာ 2011

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက် မစ်ချဲလ် ရဲ့ ၅ ရက်ကြာ ခရီးစဉ် ပထမနေ့ သောကြာနေ့မှာ လွှတ်တော် ဥက္ကဌတွေ၊ လွှတ်တော် ကိုယ်စား လှယ် တွေနဲ့ တွေ့ဆုံပြီး မျက်မှောက် မြန်မာ့ နိုင်ငံရေး အကြောင်း တွေကို ဆွေးနွေး ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption လွှတ်တော် ဆွေးနွေးမှုတွေ ဆက်လုပ်နေ

ဆွေးနွေး ခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေထဲမှာ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မီတီ၊ တောင်သူ လယ်သမား အလုပ်သမား အခွင့် အရေး ကော်မီတီ၊ ငွေစာရင်း ကော်မီတီတို့က ကိုယ်စားလှယ်တွေ တိုင်းရင်းသား ကိုယ်စားလှယ် တွေလည်း ပါဝင် ပါတယ်။

သောကြာနေ့က အမေရိကန် အထူး ကိုယ်စားလှယ်နဲ့ ဆွေးနွေးရာမှာ တိုင်းရင်းသား ပေါင်းစုံ ပါတီ ပေါင်းစုံ ပါဝင်တဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ အပြည့် အဝ ရှိတဲ့ လွှတ်တော် အကြောင်းတွေ ကို ပြောဆို ဆွေးနွေး ခဲ့တယ်လို့ ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သူ တစ်ယောက် ဖြစ်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ရဲ့ ဧရာဝတီတိုင်း ပန်းတနော် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမန်း မောင်မောင်ဉာဏ်က ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဌက မြန်မာ ပြည်သူတွေ မှာ ဆင်းရဲတာတွေ ရှိတဲ့ အကြောင်း၊ ဒီလို ဖြစ်ရတာဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှု ကြောင့်လည်း ဖြစ်တဲ့ အကြောင်း၊ အခွင့် သင့်ရင် သမ္မတ အိုဘားမားကို ပြန်ပြော ပါလို့ ဆိုခဲ့ တာကို အမေရိကန် ကိုယ်စားလှယ် ဘက်က မှတ်သား ထားမယ့် အကြောင်း ပြောခဲ့တယ်လို့ သူက ဆက်ရှင်းပြ ပါတယ်။

မြန်မာ အစိုးရဘက်က အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု တွေကို ဖယ်ရှား ပေးစေလို နေတာ ထင်ရှားပါတယ်။ အမေရိကန် ဘက်က တော့ မြန်မာ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော်ကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တို့ ဆွေးနွေးမှုတွေကို အချိန်ဇယားနဲ့ ရည်မှန်းချက်ထား ဆောင်ရွက်ပြီး တိကျတဲ့ ရလဒ် ပေါ်ထွက် လာတာ အပြင် တိုင်းရင်းသား နယ်မြေတွေ မှာ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်တာ တွေကိုတော့ အနည်းဆုံး အဆင့် တွေ့မြင် လိုတယ်လို့ NCGUB ပြည်ထောင်စု မြန်မာ နိုင်ငံ အဝေးရောက် ညွန့်ပေါင်း အစိုးရရဲ့ ကုလသမဂ္ဂ ဆိုင်ရာတာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။