SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ၆၈ နှစ်ပြည့်ပြီ

  • 11 စက်တင်ဘာ 2011

ကချင်ပြည်နယ်ပူတာအိုထောင်မှာ ထောင်ဒဏ် ၉၃နှစ်ကျခံနေရတဲ့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ပွဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ကို SNLD က တောင်းဆိုလိုက်ပါတယ်။

Image caption ဦးခွန်ထွန်းဦးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ဖူးပါတယ်

ပြည်သူတပိုင်း အစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရသစ် အနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ အမှန်တကယ်လုပ်လိုတယ်- ပြည်တွင်းငြိမ်းချမ်း ရေးကို အမှန်တကယ် ဖော်ဆောင်လိုတယ် ဆိုရင်၊ ဖမ်းဆီးထားတဲ့ အကျဉ်းကျ နိုင်ငံရေး သမား အားလုံးကို ပြန်လွှတ်ပေးပြီးတော့မှ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး စတင်ဖို့ လိုအပ်ကြောင်း SNLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဘီဘီစီကို ပြောပြပါတယ်။

အစိုးရအသစ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အမှန်တကယ် လိုချင်တယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေလုပ်ဖို့ ဦးခွန်ထွန်းဦး မွေးနေ့ကနေ အခုလို တောင်းဆို လိုက်တာ ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။

တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ ဦးခွန်ထွန်းဦးရဲ့ ၆၈ နှစ်ပြည့် မွေးနေ့ကို သူ့ရဲ့ပါတီဝင်တွေနဲ့ လုပ်ဖေါ်ကိုင်ဖက် ၁၀၀ ကျော်က ရန်ကုန် ၉ မိုင်ပြည်လမ်းမှာ ရှိတဲ့ ရှမ်းဘုန်းကြီးကျောင်းမှာ သံဃာတော်တွေကို နေ့ဆွမ်း အာရုံဆွမ်းနဲ့ သင်္ကန်းတွေ ဆက်ကပ်လှူတန်းပြီး မွေးနေ့အလှူ ပြုလုပ်ပေးခဲ့ပါတယ်။

ဦးခွန်ထွန်းဦးရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူဟာ ထောင်ထဲမှာ အစာအိမ်မကောင်းဘဲ သွေးတိုး၊ ဆီးကြိတ်ရောင်နဲ့ နားအူတဲ့ ရောဂါမျိုးတွေ ခံစားနေရတယ်လို့ သိရကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။

မွေးနေ့ပွဲမှာတော့ သံဃာတော်တွေ ဆွမ်းဘုဉ်းပေးနေတုန်းမှာ ကြွရောက်လာတဲ့ ဧည့်သည် တွေက ဦးခွန်ထွန်းဦးနဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာကြဖို့ အတွက် ဆုမွန်ကောင်း တောင်းပေးတဲ့ စာတမ်းလေးတွေ ရေးပေးကြပြီး၊ တချို့ကလည်း ဂုဏ်ပြုစကား ပြောကြားပေးကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရောက်ရှိနေကြတဲ့ ရှမ်းတိုင်းရင်းသားတွေကလည်း ၀ပ်ဒ်ကူ တောက် ဘုန်းတော်ကြီးကျောင်းမှာ ဦးခွန်ထွန်းဦး အတွက် ဆွမ်းကပ် လှုဒါန်းမှုတွေ လုပ်ခဲ့ ကြသလို နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်လာစေဖို့ ဆုတောင်းပွဲ လုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းရင်းသားလူမျိုးများကောင်စီ ENC ကလည်း ဒီကနေ့ကျရောက်တဲ့ ဦးခွန်ထွန်းဦး မွေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ဖမ်းဆီးခံ တိုင်းရင်းသား ခေါင်းဆောင်တွေကို လွှတ်ပေးဖို့ ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုထားပါတယ်။

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူးစိုင်းညွန့်လွင်နဲ့ ခေါင်းဆောင်တွေကို ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ဖမ်းဆီးခဲ့ပြီး၊ ထောင်ဒဏ် နှစ်ရှည်တွေ ချမှတ်ထားတာ ဒီနေ့အထိဖြစ်ပါတယ်။