စစ်မှန်တဲ့ ဆွေးနွေးမှု စ နေပြီလို့ ဒေါ်စု အချက်ပြ

  • 13 စက်တင်ဘာ 2011

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလက်ရှိ အစိုးရနဲ့ ဆွေးနွေး နေမှုကို အားရ ကျေနပ်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption တွေ့ခဲ့ရတဲ့ အစိုးရ ဝန်ကြီးတွေက ရင်းနှီး ဖော်ရွေ တယ်လို့ ဒေါ်စု ပြော

အခု လက်ရှိ အစိုးရအဖွဲ့မှာ အရင် စစ်အစိုးရ လက်ထက်က ပုဂ္ဂိုလ်တွေ ပါဝင်ပေမဲ့ ဒီမိုကရေစီ ပုံစံနဲ့ သွားမယ်လို့ ပြောထားတဲ့ အတွက် ယခင် ဆွေးနွေးမှုနဲ့ အခု လက်ရှိ ဆွေးနွေးမှုတွေ ကွာခြားတယ်လို့ ပြည်တွင်း ပြည်ပ သတင်း သမား တချို့နဲ့ အင်္ဂါ နေ့က အန်အယ်လ်ဒီ ရုံးမှာ တွေ့ဆုံပြီး သူတို့ အမေး တွေကို ဖြေကြားစဉ် ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

အရင် ဆွေးနွေးမှုတွေ တုန်းက အကြောင်း အရာ တွေကို တိတိ ကျကျ ဆွေးနွေး နိုင်ခဲ့ခြင်း မရှိခဲ့ပေမဲ့ အခု အစိုးရသစ် နဲ့တော့ မည်မည် ရရ ကိစ္စတွေကို ဆွေးနွေး နိုင်ခဲ့တယ်၊ တိုးတက်မှုတွေ လျင်မြန်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့ကြောင်း ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့သူ ရန်ကုန် သတင်း မီဒီယာ ဂရုပ်က ဦးကိုကို(စက်မှု) က ဘီဘီစီကို ပြောပါတယ်။

အစိုးရ အဖွဲ့တွင်း တခြား ပုဂ္ဂိုလ်တွေ အားလုံးရဲ့ သဘောထားကို မသိနိုင်ပေမဲ့ သမ္မတ ဦးသိန်းစိန် အနေနဲ့ကတော့ အမှန်တကယ် စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှု ပြုလုပ် လိုသူ တစ်ယောက် ဖြစ်တာ ဒေါ်အောင်ဆန်း စုကြည်က ယူဆ တယ်လို့လည်း ဦးကိုကိုက ပြောပါတယ်။

ဒါပေမဲ့ ဘာတွေ ဆွေးနွေး ခဲ့ကြတယ် ဆိုတာကိုတော့ ထုတ်ဖော် မပြောသေးဘူးလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောတယ်လို့လည်း သူက ဆိုပါတယ်။

ပြည်ပကလာတဲ့ အေအက်ဖ်ပီ (AFP) သတင်း ဌာနရဲ့ ထိုင်း အခြေစိုက် ရုံးခွဲ တာဝန်ခံနဲ့ ဗွီအိုအေ မြန်မာ ဌာနက သတင်းထောက် တို့ အပြင် ပြည်တွင်းက ရန်ကုန် မီဒီယာ ဂရု, နယူးစ် ဝိခ် (Newsweek) , ဆဲဗင်းဒေး (7 Day) နဲ့ လျှပ် တပြက် သတင်း ဌာန တို့က သတင်းထောက် တွေကို ဒေါ်အောင်ဆန်း စုကြည်က သီးခြားစီ မေးမြန်းခွင့် ပြုခဲ့ တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က လာမယ့် ရက်တွေ မှာ မအားတဲ့ အတွက် မြန်မာ နိုင်ငံကို ရောက်နေတဲ့ ပြည်ပ သတင်းထောက် တွေကို မေးမြန်းခွင့် ပေးတဲ့ ဒီ တစ်ရက်ထဲမှာ ပဲ ပြည်တွင်းက ခွင့်တောင်း ထားကြတဲ့ ဂျာနယ် အသီးသီးက သတင်းထောက်တွေကို တွေ့ဆုံခွင့် ပေးတာ ဖြစ်တယ်လို့ လည်း သိရပါတယ်။