တောင်ငူ ရေကြီး ရပ်ကွက် တချို့ ရေမြှုပ်

  • 13 စက်တင်ဘာ 2011
Bago flood ဓာတ်ပုံ မူပိုင် AP
Image caption ပဲခူးတိုင်း အရှေ့ဘက်ခြမ်းက ရပ်ကွက် တချို့ ရေမြုတ်

ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူ မြို့မှာ ရေထပ် ကြီးနေတာ သီတင်း နှစ်ပတ်ကျော် ရှိနေပြီး မြို့အရှေ့ပိုင်း ရပ်ကွက် ခုနှစ်ခု လောက် ရေမြုပ် နေပါတယ်။

တောင်ငူမြို့ အရှေ့ခြမ်း မိုးကောင်း အပါအ၀င် ရပ်ကွက် ခြောက်ခုလောက်မှာ ရေကြီးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လဆန်းက စစ်တောင်း မြစ်ရေ တက်လို့ ရေကြီးခဲ့ပြီး နောက်ပိုင်း ရေနည်းနည်း ပြန်ကျပေမယ့် ခုရေကြီးတာဟာ မြစ်ရေ တက်လာတာ အပြင် တောင်ငူ ပတ်၀န်းကျင်က ဆည်တွေ ဖေါက်ချလိုက်လို့ ရေကြီးရတာ ဖြစ်တယ်လို့ တောင်ငူ ဒေသခံ တယောက်က ပြောပါတယ်။

နောက်တခါ ဆွာချောင်း ရေလှောင်တမံ၊ တောင်ငူ အရှေ့မြောက်က ပသိဆည် စတဲ့ ဆည်တွေ ကလည်း ရေများတယ် ဆိုပြီး ခဏခဏ ဖွင့်လိုက်သလို မြစ်ရေကလည်း တက်တာ ပါတယ်။

မြစ်အရှေ့ဖက် ရပ်ကွက်၁၉၊ ရပ်ကွက် ၂၀၊ နောက်တခါ ရပ်ကွက် ၈၊ ၉၊ ၁၀ တော်တော် များများမှာ ရေကြီး နေပါတယ်။

သက်ဆိုင်ရာ တာ၀န်ရှိသူတွေ ဘက်က ဆည်ရေတွေ ဖေါက်ချမယ့် အကြောင်း ဒေသခံတွေကို ကြိုတင် အသိပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အရင် သြဂုတ်လဆန်းက ကြီးခဲ့တဲ့ ရေကျသွားလို့ တချို့ ကိုယ့်အိမ် ပြန်နေချိန်မှာ နောက်ထပ် ရေက ပိုများလာလို့ အိမ်ပါ ရေမြုပ် နေသွားသူတွေ အတော် အများများဟာ ဘုန်းကြီး ကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ ဖွင့်ထားတဲ့ ရေဘေး ကူညီရေး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံ နေရပါတယ်။

ပထမ ရေကြီးတုန်းက ကူညီမယ့်သူတွေ ရှိပေမယ့် ခုတခါမှာတော့ ကူညီသူ နည်းနေလို့ အကူ အညီတွေ လိုအပ်နေတဲ့ အကြောင်း ဒေသခံက ပြောပါတယ်။

ရွာသားတွေက ကျန်းမာရေး ကိစ္စ၊ ရေက တက်တာ ကြာတော့ ရေထဲမှာ နေရတော့ ၀မ်းရော ဂါတို့ ဘာတို့ ရမှာ စိုးရိမ်နေပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့က တောင်ငူ ရေဘေးသင့် ပြည်သူ တွေကို ဆန်တွေ လာလှူပေမယ့် ဒုက္ခသည် ဦးရေက ငါးထောင် ကျော်နေတာကြောင့် အနည်း အကျဉ်းစီဘဲ ရတယ်လို့ တောင်ငူ ဒေသခံက ပြောပါတယ်။

တောင်ငူမြို့မှာ ခုရေ၀င်နေတဲ့ ရပ်ကွက် ခုနှစ်ခု အပြင် ပတ်၀န်းကျင် ကျေးရွာတွေနဲ့ စိုက်ပျိုး မြေဧက အတော် များများလည်း ရေနစ်မြုပ်နေတာ ကြာနေလို့ ဒေသခံ တောင်သူတွေ ထပ်မံ စိုက်ပျိုးဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။