ဒဲရက် မစ်ချဲလ် တိုင်းရင်းသား ပါတီတွေနဲ့ တွေ့

  • 13 စက်တင်ဘာ 2011
Mitchell ဓာတ်ပုံ မူပိုင် state dept
Image caption မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချဲလ်

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက် မစ်ချဲလ်ဟာ ဒီနေ့မှာတော့ ရွေးကောက်ပွဲဝင် ပါတီတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) စတဲ့ ပါတီတွေနဲ့ တွေ့ဆုံခဲ့သလို တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ရခိုင်၊ ကရင်၊ မွန်၊ ချင်းပြည်နယ်က ပါတီတွေ နဲ့လည်း သီးသန့် တွေ့ဆုံခဲ့ကြပါတယ်။

ချင်းအမျိုးသားပါတီနဲ့ တွေ့ဆုံရာမှာတော့ တိုင်းရင်းသား ရေးရာနဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့ကို အဓိကထား မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတွေနဲ့ အစိုးရကြား ဆက်ဆံရေးကို မေးမြန်းသလို လွှတ်တော်အတွင်းမှာ တိုင်းရင်းသား ပါတီတွေရဲ့ အခန်းကဏ္ဍကို လည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေက ဘယ်လောက် စိတ်အားထက်သန်မှုရှိသလဲ ဆိုတဲ့ အချက်ကိုလည်း မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား ရင်ကြား စေ့ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါ သလဲ ဆိုတဲ့ အချက်ကိုလည်း မေးမြန်းသွား တယ်လို့ ဆိုပါတယ်။

ချင်း အမျိုးသား ပါတီ အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အခန်းကဏ္ဍ အရေးပါ ကြောင်း ပြောဆိုခဲ့ သလို တိုင်းရင်းသား တွေ မပါဝင်လို့ မရကြောင်းလည်း ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဟာ အပြောင်းအလဲ အတွက် အရေးကြီးတဲ့ သင်္ကေတ ဖြစ်တဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ ဟာလည်း အရေးကြီးတယ်လို့ ထောက်ပြခဲ့ ကြောင်း ချင်းအမျိုးသား ပါတီ ဥက္ကဌ ပူးဇိုဇမ်က ပြောပါတယ်။

မစ္စတာ ဒဲရက် မစ်ချဲလ်ဟာ မနက်ဖြန် မြန်မာနိုင်ငံက ထွက်ခွာမှာ ဖြစ်ပြီး ဒေသတွင်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကိုလည်း သွားရောက်ဦးမှာ ဖြစ်ပါတယ်။