ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း သတင်းစကား

  • 15 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ယုံကြည် ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောသွား

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်ပြီလို့ မပြောချင်ပေမဲ့ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပြီလို့ ယုံကြည် ကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခန်းမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဒီမိုကရေစီနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်း စုကြည်က ပြောသွား ပါတယ်။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ အစိုးရ ခေါင်းဆောင်ပိုင်းတွေရဲ့ ဆွေးနွေးတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး အများပြည်သူက သိချင်တဲ့ ဆန္ဒပြင်းပြနေတဲ့ အချိန်မှာ အများ ပြည်သူကို ပြောလိုက်တယ်လို့ ယူဆရတဲ့ စကားတခွန်းလည်း ဖြစ်ပါတယ်။

တခါ အပြောင်းအလဲကို ဘယ်လိုပုံစံ အပြောင်းအလဲမျိုး ဖြစ်ဖို့ သူလိုလားတယ် ဆိုတာ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲတွေဆိုတာ ညင်သာရမယ်၊ ငြိမ်းချမ်း ရမယ်၊ သိက္ခာ ရှိရမယ်၊ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး၊ ဆင်းသွားတဲ့ အစိုးရကို လည်း မထိရဘူး၊ တက်သွားတဲ့ အစိုးရကိုလည်း မလိုလားတဲ့ အခွင့်အရေးတွေ မပေးရဘူး၊ အားလုံးဟာ မျှတတဲ့ အခြေခံပေါ်မှာ တည်ရှိရမယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ မေတ္တာတရားပြည့်ဝတဲ့ ဒီမိုကရေစီမျိုး ဖြစ်ချင် ကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောသွားပါတယ်။

ကမ္ဘာ့ ဒီမိုကရေစီနေ့ အခမ်းအနားတွေကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အဖြစ် ဒီကနေ့ စက်တင်ဘာလ ၁၅ရက် ကြာသပတေးနေ့မှာ ကျင်းပခဲ့ရာမှာ နေပြည်တော် လွှတ်တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကိုတော့ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ် တွေ တက်ရောက်ခဲ့ကြပါတယ်။