မြန်မာ့အရေး ဥရောပမှာ ဆွေးနွေး

  • 17 စက်တင်ဘာ 2011
General Assembly
Image caption ကုလသမဂ္ဂ အထွေထွေညီလာခံ

လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဥရောပ သမဂ္ဂဘက်က ဦးဆောင် တင်ပြမယ့် ဆုံးဖြတ်ချက်မူကြမ်း အကြောင်းကို ပေါ်တူဂီ အရာရှိတွေနဲ့ မြန်မာအရေး လှုပ်ရှား သူတွေ ပေါ်တူဂီနိုင်ငံမှာ ဆွေးနွေးခဲ့ကြ ပါတယ်။

စက်တင်ဘာ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ပေါ်တူဂီ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေနဲ့ လွှတ်တော်ကော်မတီဝင်တွေကို အဝေးရောက် ညွန့်ပေါင်းအစိုးရ NCGUB က ဒေါက်တာ သောင်းထွန်းနဲ့ ဘားမား ကန်ပိန်း ယူကေက မာ့ခ် ဖာမနာနဲ့ မဇိုရာဖန်း တို့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ ပေါ်တူဂီ အလုပ်သမား သမဂ္ဂကိုယ်စားလှယ် တွေလည်း ပါဝင်ခဲ့ပါတယ်။

ကိုယ်စားလှယ်တွေကြား အီးယူက ဦးဆောင် တင်ပြမယ့် မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ် ချက်မူကြမ်းအကြောင်း အမြင်ခြင်း ဖလှယ်ကြသလို မြန်မာနိုင်ငံက လတ်တလော ထူးခြားဖြစ်စဉ်တွေအပေါ်မှာလည်း ဆွေးနွေးကြတယ်လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

ဒါပေမယ့် တကယ်တမ်း အပြောင်းအလဲဆိုတာ ပြသနိုင်ဖို့က နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးရမယ်၊ တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ ရပ်ရမယ်၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဖို့ လိုတယ်လို့ သူက ပြောပါတယ်။

''တကယ့်အနှစ်သာရ ရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ဖို့ ဆိုတာကတော့ အီးယူက ဆက်ပြီးတော့ တွန်းအားပေးနေဖို့ လိုတယ်'' လို့ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။