အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့ ဒေါ်စု ထပ်ပြော

  • 18 စက်တင်ဘာ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption သတိကြီးကြီးနဲ့ အပြုသဘော ဆက်မြင် သွားမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမဲ့ အရိပ် လက္ခဏာတွေ ရှိလာနေပြီ ဖြစ်တယ်လို့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က AFP သတင်းဌာနနဲ့ ဒီကနေ့ တွေ့ဆုံ မေးမြန်းခန်းမှာ ထုတ်ဖေါ် ပြော ကြား လိုက်ပါတယ်။

မြန်မာ ပြည်သူတွေအတွက် တကယ့် လွတ်လပ်မှု ကတော့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောသွားပါတယ်။

အခု အစိုးရသစ် လုပ်နေတဲ့ ဒီမိုကရေစီရေး ရှေးရှုတဲ့ ကြိုးပမ်းမှုတွေဟာ တကယ့် စစ်မှန်တဲ့ ကြိုးပမ်းမှုတွေလို့ သူ့အနေနဲ့ ယုံကြည်တယ်လို့လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ လက သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တုန်းက နိုင်ငံအတွက် လိုချင်တဲ့ သဘောတူချက် အတော်များများကို ရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က AFPနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ထုတ်ဖေါ်ပြောသွားပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့ သမ္မတ ဦးသိန်းစိန်က လိုလားတယ်ဆိုတာကို ယုံကြည်ပေမဲ့ ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့ ပြောပါတယ်။

အာရပ်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီရေး လူထုအုံကြွမှုတွေ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာမှာကို သူဆန့်ကျင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာနိုင်မဲ့ အခြေအနေမျိုး ရောက်နေပြီ ဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီမိုကရေစီနေ့ အခမ်းအနား မိန့်ခွန်းမှာလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့ပေမဲ့ ဘာကို အခြေခံ ပြောတာလဲ ဆိုတာကိုတော့ တိတိကျကျ ထုတ်ဖေါ် ပြောမသွားခဲ့ပါဘူး။

ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ အခုလို ထုတ်မပြောသေးတာဟာ အချိန်မကျသေးလို့ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပါတယ်။

အခုအခါ တဖက်နဲ့ တဖက် တွေ့ဆုံ စကား ပြောလာတာဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ အပြောင်း အလဲတွေ လုပ်လာတာ ဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။