ပျဉ်းမနားနယ်က လယ်မြေအိမ်တွေ ဖယ်ခိုင်းနေ

  • 18 စက်တင်ဘာ 2011
Image caption လယ်မြေပေါ်ကအိမ်တွေ မဖျက်ရင် ထောင် ၂ နှစ် ၃ နှစ် ကျမယ်လို့ အာဏာပိုင်တွေကပြော

နေပြည်တော်ခရိုင် ပျဉ်းမနားမြို့ ပတ်၀န်း ကျင် ကျေးရွာ ၁၅ ရွာက လယ်မြေတွေ ပေါ်မှာ အတည်တကျ ဆောက်ခွင့်ပြုထား တဲ့ နေအိမ် ၂၀၀ ဝန်းကျင်လောက်ကို ဥပဒေနဲ့ ခြိမ်းခြောက်ပြီး မြေစာရင်းဌာန က အဓမ္မဖယ်ရှားခိုင်း နေပါတယ်။

ပျဉ်းမနားဘေး အရပ် ၈ မျက်နှာမှာ ရှိတဲ့ သပြေလှ၊ ပုရွက်ဆိပ်ကုန်း စတဲ့ ကျေးရွာ ၁၅ ရွာက မြေစာရင်းနာမည်ပေါက် လယ်မြေတွေမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက် ကတည်းက အိမ်ထောင် စု စာရင်းတွေ၊ အစိုးရလျှပ်စစ်မီတာတွေ ချပေးပြီး ဒေသခံတွေကို နေခွင့်ပြုခဲ့ပေမယ့် အခုတော့ လန ၃၉ ဆိုတဲ့ လယ်ယာမြေကို သတ်မှတ်တဲ့ နည်းလမ်းအတိုင်း အသုံးချခြင်း ဥပဒေ အရ အိမ်ဆောက်ခွင့် မရှိဘူးဆိုပြီး မြေစာရင်းဌာနက တရားစွဲ ဖယ်ရှားခိုင်းနေတာ ဖြစ်ပါတယ်။

သပြေလှရွာသား ဦးကျော်သက်လွင်က သူတို့ကို မြေစာရင်းဌာန ကနေပြီး လယ်ယာမြေ ကျူးကျော်မှု ၄၁/က နဲ့ တရားစွဲထားကြောင်း ဘီဘီစီကိုပြောပါတယ်။ နောက်ပြီး အဆောက် အဦး မဖျက်လို့ ရှိရင် ထောင် ၂ နှစ် ၃ နှစ် ကျမယ်လို့ အာဏာပိုင် တွေက ပြောတဲ့အတွက် အခက်အခဲတွေ့နေရကြောင်း ပြောပါတယ်။

အခုလို လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို သမ္မတနဲ့ နေပြည်တော် အုပ်ချုပ်သူ တွေ ဆီကို ၃ ကြိမ် တိုင်တိုင် အသနားခံစာ တင်ပေမယ့် နောက်ထပ် လာမတင်ဖို့ ခြိမ်းခြောက် ပြောဆိုလိုက်လို့ ဘယ်သူ့ကို အကူညီ တောင်းရမှန်း မသိဖြစ်နေရတယ်လို့ အမှုရင်ဆိုင်ရတဲ့ နောက်ထပ်ဒေသခံတွေကလည်း ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် နေပြည်တော် လယ်ဝေးမြို့သစ် တိုးချဲ့ဖို့ဆိုပြီး ညောင်ဆိပ်ရွာက လယ်တွေကို ၂၀၀၇ ခုနှစ်က လျော်ကြေးမပေးဘဲသိမ်းပြီး အကွက်ရိုက်ရောင်းထားတဲ့ ကိစ္စမှာ မူလ လယ်ပိုင်ရှင်က ဖယ်မပေးလို့ တရားစွဲ ခံနေရတယ်လို့လည်း သိရပါတယ်။