ငွေလဲ ကောင်တာတွေ ဖွင့်တော့မယ်

  • 19 စက်တင်ဘာ 2011

မြန်မာ နိုင်ငံက ပုဂ္ဂလိက ဘဏ် တချို့ကို မကြာခင်မှာ နိုင်ငံခြားငွေ အရောင်း အဝယ် ပြုလုပ်ခွင့် ပေးတော့မယ်လို့ သိရပါတယ်။

Image caption နိုင်ငံခြားငွေ ရောင်းဝယ်တဲ့ အခါ ယူရိုနဲ့ ဒေါ်လာကို အဓိက ထားမှာဖြစ်

အဲဒီ ဘဏ်တွေ ကတော့ စစ်တပ်က ပိုင်ဆိုင်တဲ့ အင်းဝဘဏ်၊ မြဝတီ ဘဏ်နဲ့ ပုဂ္ဂလိကနဲ့ သမဝါယမ ဘဏ်တွေ ဖြစ်ကြတဲ့ ကမ္ဘောဇဘဏ်၊ MOB ဘဏ်၊ CP ဘဏ် စတဲ့ ဘဏ်ငါးခု ဖြစ်ပါတယ်။

အဲဒီ ဘဏ်တွေ ငွေ အရောင်း အဝယ် ပြုလုပ်နိုင်မယ့် ဆိုင်ခန်း တွေကို အရင်က နိုင်ငံခြားငွေ လဲလှယ်ရာ ဌာန ဖြစ်တဲ့ သိမ်ဖြူလမ်းမှာ ဖွင့်ခွင့် ပေးမှာ ဖြစ်ပြီး လောလောဆယ် ဆိုင်ခန်း နေရာတွေ ပြင်ဆင် နေကြတယ်လို့ ကိုယ်တိုင် သွားကြည့် ခဲ့သူတွေက ပြောပါတယ်။

ခွင့်ပြုခံရတဲ့ ဘဏ်တစ်ခု ဖြစ်တဲ့ ကမ္ဘောဇဘဏ်က ဒုတိယ ဥက္ကဌ ၂ ဦးသန်းလွင် ကတော့ သူတို့ကို ဗဟိုဘဏ်က ပြီးခဲ့တဲ့ နှစ်ပတ် လောက်က စပြီး နှုတ်မိန့် ပေးထားတာ လို့ ပြောပါတယ်။

အမေရိကန် ဒေါ်လာနဲ့ ယူရို ငွေတွေကို အဓိက ရောင်းဝယ်ကြမှာ ဖြစ်ပြီး ကျန်တဲ့ နိုင်ငံခြားသုံးငွေ တွေကိုလည်း လဲလှယ် ရောင်းဝယ် နိုင်မှာ ဖြစ်တယ်လို့ သူက ပြော ပါတယ်။

ရောင်းဝယ်ခွင့် လိုင်စင် ရကြတဲ့ အခါ နိုင်ငံခြားသား၊ နိုင်ငံသား၊ ကမ္ဘာလှည့် ခရီးသည် တို့ကိုသာ ရောင်းဝယ်ခွင့် ပေးမယ်ဆိုတဲ့ ကန့်သတ်ချက် မျိုးတော့ ရှိမယ် မထင်ကြောင်း ဦးသန်းလွင်က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ သာမန် ပြည်သူတွေ အနေနဲ့ နိုင်ငံခြားငွေကို ကိုင်ဆောင် ခွင့်မရှိ ပေမဲ့ နယ်စပ် ကုန်သွယ်မှုမှာ ဒေါ်လာ ကိုင်ဆောင် ရောင်းဝယ်တာမျိုး လုပ်ခွင့် ပေးသလို မြန်မာ စီးပွားရေး ဘဏ်တွေကို လိုင်စင် ချပေးတာလည်း ရှိတယ်လို့ ဆိုပါတယ်။

၁၉၄၇ နိုင်ငံခြားငွေ လဲလှယ်ရေး ဆိုင်ရာ စည်းကမ်းချက် ဥပဒေ အရ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ကို ဗဟိုဘဏ်က ခွင့်ပြု နိုင်တယ် လို့ ကမ္ဘာဇဘဏ်က ဒုတိယ ဥက္ကဌ ၂ ဖြစ်ပြီး အရင် မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ တာဝန် ယူခဲ့ဖူးသူ ဦးသန်းလွင်က ဘီဘီစီကို ပြောပါတယ်။