အာဆီယံဥက္ကဌ မြန်မာနိုင်ငံ သွားမည်

  • 20 စက်တင်ဘာ 2011
Marty
Image caption အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး

၂၀၁၄ ခုနှစ်ကျရင် အာဆီယံ အလှည့်ကျ ဥက္ကဌ နေရာကို မြန်မာနိုင်ငံ လွှဲပြောင်း ယူရေးနဲ့ ပတ်သက်လို့ အာဆီယံ အလှည့်ကျ ဥက္ကဌအင်ဒိုနီးရှား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလေဂါဝါက မြန်မာ နိုင်ငံကို အောက်တိုဘာလ အတွင်း သွားရောက်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံတွင်းက လူမှု အဖွဲ့အစည်းတွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့လည်း တွေ့ဆုံ မေးမြန်းပြီး သူတို့ရဲ့ သဘောထားကိုလည်း နားထောင်မယ်လို့ မစ္စတာ နာတာလေဂါဝါက ပြောပါတယ်။

အာဆီယံ ဥက္ကဌ နေရာကို မြန်မာနိုင်ငံ လွှဲပြောင်းယူခြင်းအားဖြင့် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြန်မြန် ဖြစ်ရေးကို တွန်းအားပေးနိုင်မလား၊ အကျိုး သက်ရောက်မှုတွေ အများအပြား ရှိလာနိုင်မလားဆိုတာကို သွားရောက် မေးမြန်း လေ့လာမယ်လို့ မစ္စတာ နာတာလေဂါဝါက ပြောပါတယ်။

အာဆီယံ ဥက္ကဌ နေရာယူဖို့ မြန်မာအစိုးရက စိတ်အား ထက်သန်နေတာကြောင့် ဒီမိုကရေစီ အသွင်ပြောင်းရေး ဆောင်ရွက်မှုတွေ ပိုလုပ်လာအောင် မက်လုံး တခုအဖြစ် ဆွဲဆောင် နိုင်ဖွယ် ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဌ နေရာကို မြန်မာနိုင်ငံ လွှဲပြောင်းပေးဖို့ မကြာခင်လပိုင်းကပဲ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘောတူခဲ့ပြီး လာမယ့် နိုဝင်ဘာလမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ အတည်ပြုဖို့ ရှိပါတယ်။

သတိပေး ကန့်ကွက်မှုများလည်းရှိ

ဒါပေမယ့် အာဆီယံအတွင်းမှာ မြန်မာ့အရေးကိစ္စအပေါ် အမြင်သဘောထားတွေ မတူကြဘူးလို့ မြန်မာအရေးဆိုင်ရာ အာဆီယံ အမတ်များအဖွဲ့ရဲ့ အကြီးတန်းအကြံပေး မစ္စတာ ခရိုင်ဆတ် ချူနာဝန်က ပြောပါတယ်။

''မြန်မာနိုင်ငံက အပြောင်းအလဲလို့ ဆိုနေကြတဲ့ဟာတွေကို ကြည့်ရင် အကောင် အထည် ပြနိုင်စရာ အပြောင်းအလဲ တွေအဖြစ် မတွေ့ရပါဘူး။ နောင်မှာ မဖြစ်လာဘူးလို့ မပြောနိုင်ပေမယ့် အခု လောလောဆယ် မှာတော့ တကယ့် ပြောင်းလဲမှုလို့ ကျွန်တော်တို့ မမြင်ပါဘူး'' လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ တကယ်ပဲ ဒီမိုကရေစီစနစ်ဆီကို သွားနေတယ်လို့ ပြောရင် အနည်းဆုံးတော့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို အရင်လွှတ်ပြီး လူတွေကို အခြေခံလွတ်လပ်ခွင့်တွေ ပေးရမယ်လို့ မစ္စတာ ခရိုင်ဆတ်က ပြောပါတယ်။

နောက်ပြီး အာဆီယံအနေနဲ့လည်း မြန်မာနိုင်ငံကို ဥက္ကဌတာဝန် ပေးချင်ရင် အာဆီယံရဲ့ ပဋိညာဉ်ပါ လူ့အခွင့်အရေးကို လေးစား လိုက်နာရမယ် ဆိုတဲ့အချက်ကို မျက်ကွယ်မပြုသင့် ကြောင်းလည်း သူက သတိပေး ပြောကြားပါတယ်။