ထား၀ယ် ရေနက် ဆိပ်ကမ်း စီမံကိန်း လမ်းပိတ်ဆို့ခံရ

  • 20 စက်တင်ဘာ 2011
ထား၀ယ် ရေနက်လုပ်ငန်း စီမံကိန်း ဓာတ်ပုံ မူပိုင် DDP
Image caption ထား၀ယ် ရေနက်လုပ်ငန်း စီမံကိန်း

မြန်မာနိုင်ငံမှာ အငြင်းပွားပြီး ဝေဖန်ခံနေရတဲ့ ထားဝယ် ရေနက်လုပ်ငန်း စီမံကိန်းအတွက် လမ်းဖေါက်လုပ်နေတဲ့ ထိုင်းအခြေစိုက် ITD အီတာလျံထိုင်း ကုမ္ပဏီက ကားတွေ ကန်ချန ဘူရီကနေ ထားဝယ်သွားတဲ့ လမ်းပိုင်း ကိုမသွား နိုင်အောင် KNU ကရင် အမျိုးသား အစည်းအရုံးက ပိတ်ဆို့ထားပါတယ်။

အခုလိုဖြစ်ပွားတဲ့ ကိစ္စနဲ့ပတ်သက်လို့ ITD ကိုအကြောင်း ကြားသေးလားလို့ KNU အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန်ကို မေးကြည့်ရာ လွန်ခဲ့တဲ့ ဇွန်လ လောက်ကရင်း အဲဒီကုမ္ပဏီနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုတော့ ထုတ်ဖေါ်ပြောခြင်းမရှိပါဘူး။

ဒီစီမံကိန်းကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းလာပြီး ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်တာကို လက်မခံနိုင်ဘူးလားလို့ မေးရာမှာ ဒီဒေသတွေဟာ ငြိမ်းချမ်းရေး မရသေးတဲ့အတွက် အခုလို အများနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ ပြည်သူတွေပါဝင် ဆုံးဖြတ်ခွင့်မရလို့ KNU အနေနဲ့ လက်မခံနိုင်ဘူးလို့ နော်ဇီဖိုးရာက ဖြေပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု ဒေသခံတွေရဲ့ လူမှုဘဝနဲ့ဓလေ့ထုံးစံတွေပျက်စီးမှု တို့ဖြစ်လာနိုင်တဲ့ အတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူတွေဟာ နိုင်ငံတကာ စံနှုန်းတွေကို လက်ခံမှသာ ဆုံးရှုံးမှုတွေ ကာကွယ်နိုင်မယ်လို့ နော်ဇီဖိုးရာက ဘီဘီစီကို ပြောကြားသွားပါတယ်။