ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုန်းတော်ကြီး Desmond Tu Tu ဆွေးနွေး

  • 22 စက်တင်ဘာ 2011
Image caption ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

၇ကြိမ်မြောက် Clinton Global Initiative နှီးနှောဖလှယ် ပွဲကို New York မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင်တွေ ဖြစ်ကြတဲ့ တောင်အာဖရိက ဘုန်းတော်ကြီး Desmond Tu Tu နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်တို့က အမျိုးသား ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ရေးတွေအကြောင်း ပြောသွားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ရန်ကုန်မြို့ကနေ ဗီဒီယို လင့်ခ် ကတဆင့် တိုက်ရိုက် မေးဖြေ ပြောသွားခဲ့ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်က မြန်မာ အစိုးရနဲ့ မကြာသေးခင်က သူတွေ့ဆုံ စကားပြောခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ အရိပ်လက္ခဏာတွေ အမြန်ဆုံး တွေ့တော့မယ်လို့ သူမျှော်လင့်ကြောင်း ပြောသွားပါတယ်။

ပြုပြင် ပြောင်းလဲရေးတွေ အကြောင်း ပြောဆိုမှုတွေ အတော်များများ ရှိခဲ့ပြီး တည်တံ့ ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လူတွေက မြင်ချင်နေကြကြောင်း ၊ ဒါတွေက ပြောရုံနဲ့ မပြီးပေမဲ့ အနည်းဆုံးတော့ ဒါဟာ ကနဦး အစလို့ ပြောလို့ ရကြောင်း အခု ကျမတို့ ပြောင်းလဲမှု လမ်းစကို စတွေ့နေရပြီလို့ ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားရာမှာ တခါတလေမှာ အမျိုးသား ရင်ကြားစေ့ရေးဟာ အခက်ဆုံးကိစ္စ ဖြစ်ပြီး နှစ်ဖက်စလုံးအနေနဲ့ အပြန်အလှန် ညှိနှိုင်းဖို့ ပြင်ဆင်ထားရမှာ ဖြစ်သလို အပေးအယူလည်း ရှိရမှာ ဖြစ်ကြောင်း ၊ အပေးအယူ လုပ်တယ် ဆိုရာမှာ နှစ်ဖက်စလုံးအနေနဲ့ ချိန်ခွင်လျှာ မျှအောင်လုပ်ဖို့ လိုတာမို့ အတော့်ကို ခက်ခဲတဲ့ အခြေအနေမျိုးမှာ ရှိပေမဲ့ တချိန်တည်းမှာပဲ သတိကြီးကြီးထားတတ်တဲ့ အကောင်းမြင် ဝါဒီ တဦးပီပီ ကျမအနေနဲ့ မြင်တာကတော့ အခုချိန်မှာ ကျမတို့ဟာ စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရှေ့ရှုတဲ့ လမ်းမပေါ် မကြာခင် ရောက်နိုင်မယ်လို့ ယူဆကြောင်း ဒေါ်စုက ဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ တနေ့ကျရင် ဒီမိုကရေစီ ရမယ်ဆိုတာကို သူယုံကြည်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒီမိုကရေစီ ဆိုပြီး ပြောတဲ့အခါမှာ ကျမ ပြောချင်တာက အင်စတီကျူးရှင်းလို့ ခေါ်တဲ့ အဆောက်အအုံ မျိုးတွေ ဖြစ်ပြီး ကျမတို့ ပြည်သူတွေရဲ့ လုံခြုံမှု၊ လွတ်လပ်မှုတွေကို အကာအကွယ် ပေးမယ့် အဆောက်အအုံမျိုးတွေ ရှိစေချင်ကြောင်း ၊ တချို့က ဒီမိုကရေစီဆိုတာ အနောက်တိုင်းက လာတဲ့ သဘောတရား၊ အယူအဆလို့ ပြောကြပါတယ်၊ ဒါမမှန်ပါဘူး ၊လွတ်လပ်မှုနဲ့ လုံခြုံမှု အညီအမျှ ဖြစ်နေတာကို ပြောတဲ့ သဘောတရားက တကမ္ဘာလုံးက လူတိုင်း လက်ခံနိုင်တဲ့ သဘောတရား ဖြစ်ပြီး အဲဒါကို ကျမတို့ လိုချင်တာပါလို့ ဒေါ်အောင်ဆန်း စုကြည်က ပြောသွားခဲ့ပါတယ်။

တခါဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် စကားပြောစဉ်မှာ ဘုန်းတော်ကြီး Desmond Tu Tu က ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ့ အစိုးရ ခေါင်းဆောင်ဖြစ်လာတဲ့ အချိန်ကျရင် မြန်မာပြည်ကို သူလာလည်ပါရစေလို့ ရယ်ရယ်မောမော ပြောခဲ့ပါတယ်။

ဒါကို ဒေါ်အောင်ဆန်း စုကြည်ကလည်း ဘုန်းတော်ကြီး Desmond Tu Tu ကို မြန်မာပြည် လာလည်စေချင်တဲ့အတွက် သူရည်မှန်းချက် ကြီးကြီး ထားရတော့မှာပေါ့လို့ ရယ်ရယ်မောမော ပြန်တုန့်ပြန် ခဲ့တယ်လို့ သိရပါတယ်။