မြန်မာအစိုးရက ဝက်ဆိုက်တွေ ပြန်ဖွင့်ပေး

  • 23 စက်တင်ဘာ 2011
Image caption နိုင်ငံရေးအပါအဝင် မီဒီယာနဲ့သက်ဆိုင်တဲ့ ဝက်ဆိုက်တွေကို ပြန်ဖွင့်ပေးတာဖြစ်ပါတယ်

မြန်မာအစိုးရက ပိတ်ထားတဲ့ အင်တာနက် ဝက်ဆိုက် ခုနှစ်သောင်းကျော်ထဲက သုံးသောင်းကျော်ကို အများပြည်သူ ကြည့်ရှု့ခွင့်ရအောင် လွန်ခဲ့တဲ့ တလနီးပါး လောက်က စပြီး ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီပြန်ဖွင့်ပေးလိုက်တဲ့ အင်တာနက် စာမျက်နှာ တွေကတော့ နိုင်ငံရေးအပါအဝင် သတင်း မီဒီယာတွေနဲ့ ပတ်သက်နေတဲ့ ဝက်ဆိုက်တွေ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနက သတင်းအချက်အလက်နဲ့ နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

မောင်နှမ သားချင်းတွေ ကြည့်ရှုဖို့ မသင့်တဲ့ လိင်မှု ဖျော်ဖြေရေး porn ဆိုက်တွေကလွဲပြီး၊ အတော်များများကို ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

သတင်းမီဒီယာ အနေနဲ့ ပွင့်လင်း မြင်သာမှု ရှိရမယ်ဆိုတဲ့ အစိုးရရဲ့ မူဝါဒ အပေါ်မူတည်ပြီး၊ ဝန်ကြီးဌာနကနေ အကောင်အထည်ဖေါ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တခုက ပြည်တွင်း အင်တာနက်လိုင်းတွေဟာ နှေးနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိတဲ့အတွက် တခြားစက်မှုပိုင်းဆိုင်ရာ ကိစ္စတွေမှာ မြန်အောင် လုပ်တာလည်း ပါဝင်ကြောင်း သူကပြောပါတယ်။

အခုဖွင့်ပြီးသား စာမျက်နှာတွေကို ပြန်ပိတ်တော့မှာ မဟုတ်ဘူးလို့ ဦးဇော်မင်းဦးက ပြောပါ တယ်။

တချို့ သူတို့ မသိသေးတဲ့ ဝက်ဆိုက်တွေ ပိတ်ထားဆဲ ဖြစ်ခဲ့ရင်တော့ သူတို့ကို အသိပေး လာလျင်၊ ချက်ခြင်း ပြန်ဖွင့်ပေးမှာ ဖြစ်ကြောင်းကိုလည်း သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ နေရာမှာ အင်တာနက် အသုံးပြုသူ ၅ သိန်း ကျော်ရှိတယ်လို့ သိရပါတယ်။