မြန်မာနိုင်ငံမှာ အပြောင်းအလဲ မဖြစ်နိုင်လို့ GJC ပြော

  • 24 စက်တင်ဘာ 2011
Global Justice Center ဓာတ်ပုံ မူပိုင် Global Justice Center

မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်နိုင်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ တချို့က ပြောပေမယ့် ကမ္ဘာ့ တရားမျှတရေး အဖွဲ့ (Global Justice Center) ကတော့ မြန်မာနိုင်ငံမှာ အပြောင်း အလဲ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အောက်မှာ ဘယ်နိုင်ငံရေး တိုးတက်ပြောင်းလဲမှု မှ မဖြစ်နိုင်ဘူးလို့ Global Justice Center အဖွဲ့ က ဥက္ကဌ လည်းဖြစ် နိုင်ငံတကာ ဥပဒေ ပညာရှင် လည်းဖြစ်တဲ့ မစ္စက် ဂျဲနက် ဘန်းရှုက ဘီဘီစီကို ပြောပါတယ်။

ဒီ အခြေခံ ဥပဒေ မှာ စစ်တပ် နဲ့ စစ်တပ်ခေါင်းဆောင် တွေ က နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာတွေကို သီးခြားရယူထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

တကယ်တမ်း အရပ်သားအစိုးရပဲ အာဏာရလာရင်တောင် ဒီ ဖွဲ့စည်းပုံ အရဆိုရင် ဥပမာအားဖြင့် ကုလသမဂ္ဂ ကနေ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အရေးယူ ပါလို့ ညွှန်ကြားရင်တောင် အစိုးရ အနေနဲ့ အရေးယူ နိုင်တဲ့ အခြေ အနေ မရှိဘူးလို့ သူက ပြောပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ် လာတော့မယ် မျှော်လင့်နိုင်ကြောင်း မကြာခင် ကာလတွေအတွင်း ပြောကြားခဲ့ပါတယ်။

နောက်ပြီး နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ (ICG) ကလည်း မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေရောက်နေလို့ နိုင်ငံတကာ အသိုင်း အဝိုင်း ကနေ မြန်မာနိုင်ငံ နဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှု ကို အမြင့်ဆုံး အဆင့် အထိ လုပ်ကြဖို့ အကြံပြုထားပါတယ်။