ဧရာဝတီကာကွယ်ရေး လှုံ့ဆော်သူတွေ တားဆီးခံရ

  • 25 စက်တင်ဘာ 2011
Image caption အာဏာပိုင်တွေ တားဆီးပေမဲ့ စာစောင် (၆၀၀၀) ကျော် ဖြန့်ဝေနိုင်ခဲ့ပါတယ်

ဧရာ၀တီ မြစ်ဆုံရေကာတာ တည်ဆောက် ရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်စာတွေ ဖြန့်နေတဲ့ တွံတေးမြို့က ကျူရှင်ဆရာ ကိုအောင်ဖေကို မြို့နယ်ရဲက ခေါ်ယူပြီး ခံဝန်ကတိ လက်မှတ်ထိုးခိုင်းခဲ့သလို ရွှေပြည်သာမြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်တွေကို လည်း လက်ကမ်းစာစောင်တွေ မဝေဖို့ အာဏာပိုင်တွေက တားဆီးခဲ့ပါတယ်။

အာဏာပိုင်တွေဘက်က အဖွဲ့စုံပါတဲ့ အင်အား (၆၀) ခန့်ဟာ NLD လူငယ်တွေကို တားဆီးခဲ့ပေမယ့် လက်ကမ်းစာစောင် (၆၀၀၀) ကျော် ဖြန့်ဝေနိုင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးက စိတ်ဝင်တစား ဖြစ်နေတဲ့ ဧရာဝတီမြစ်ဆုံရေကာတာ တည်ဆောက် ရေး စီမံကိန်း ရပ်တန့်ပြီး၊ ဧရာဝတီကို ကာကွယ်ကြဖို့ ပြည်သူလူထုကို နှိုးဆော်တဲ့ လက်ကမ်းစာစောင်တွေကို မနေ့ကတည်းက တွံတေးမြို့နယ် အပါအ၀င် ကော့မှူး၊ ကွမ်းခြံကုန်း (၅) မြို့နယ်မှာ ဖြန့်ဝေနေခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ တွံတေးမြို့နယ်ရဲမှူးက ဆရာကိုအောင်ဖေကို ခေါ်ပြီး လက်မှတ်ထိုး ခိုင်းပေမယ့်လည်း ကိုအောင်ဖေက လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပြီး ရွေပြည်သာမြို့နယ် NLD လူငယ်တွေကိုလည်း လက်ကမ်းစာစောင်တွေ မဝေဖို့ အင်အားသုံး တားဆီးနိုင်တာလုပ်ခဲ့ပေမယ့် NLD လူငယ်တွေကတော့ နေရာ အတော် များများမှာ စာတွေ ဖြန့်ဝေနိုင်ခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။