ရွှေဝါရောင် သံဃာ့အရေးတော်ပုံ

  • 26 စက်တင်ဘာ 2011
_burma_
Image caption သံဃာ့လှုပ်ရှားမှု

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ ထုတ်ပြန်တဲ့ ရွှေဝါရောင် သံဃာ့အရေးတော်ပုံ ၄ နှစ်ပြည့် ကြေညာချက် မှာ အရပ်သား အစိုးရ တက်လာတဲ့ တိုင်အောင်၊ သံဃာတော်တွေ ရဲ့ တောင်းဆိုချက် ကို မလိုက်လျော၊ အရေးတော်ပုံ ကာလက ဖမ်းဆီးထားတဲ့ သံဃာတော် ၂၂၂ ပါး ကိုလည်း အကျဉ်းချထားဆဲလို့ ဖေါ်ပြထားပါတယ်။

နယူးယောက်မြို့ သံဃာ့ဉသျှောင် အဖွဲ့ မှ ပြည်တွင်းရေးရာ တာဝန်ခံ ဆရာတော် ဦးပညာနန္ဒ က ၂၀၀၇ ခု နှစ်က ဆရာတော်တွေ မျှော်မှန်းတာက ပြည်သူ လူထု ရဲ့ စားဝတ်နေရေး ဆင်းရဲဒုက္ခ ကို အစိုးရ အနေနဲ့ ဖြေရှင်းပေးစေ ရေး အတွက် ငြိမ်းငြိမ်းချမ်းချမ်း နဲ့ မေတ္တာပို့ ဆုတောင်းတာကို အကြမ်းဖက် ဖြိုခွင်းခံခဲ့ ရလို့ သံဃာ့ လှုပ်ရှား တောင်းဆိုမှု မအောင်မြင်ခဲ့ ပုံ ကို ဘီဘီစီ ကို မိန့်ခဲ့ပါတယ်။

အကောင်းဖက်က ကြည့်ရင်တော့ သံဃာတော်တွေ ဟာ မြန်မာပြည်သူ တွေ ဆင်းရဲဒုက္ခ ရောက်နေတဲ့ အထဲမှာ ပါဝင် ဆောင်ရွက်ခဲ့တယ်၊ ပြည်သူတွေရဲ့ အကြပ်အတည်း ကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့လို့ အကျိုးအမြတ် ရတယ်လို့ ဆိုနိုင်ပုံ ကို ဆရာတော် က မိန့်ကြားရှင်းပြ ပါတယ်။

အစိုးရ ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ဟာလည်း၊ လက်တွေ့ လုပ်ပြဖို့ လိုသေးကြောင်း၊ အခြေခံ လူတန်းစား ဖြစ်တဲ့ လယ်သမားတွေ လယ်မြေ အသိမ်းခံရ မှုတွေဟာ ဉပဒေ အရ အကာအကွယ် မပေးနိုင်သေးတဲ့ အတွက် ဆင်းရဲတွင်းက လွတ်ဖို့ လက်တွေ့ မလုပ်နိုင်သေးကြောင်း ဆရာတော် ဦးပညာနန္ဒ က ဘီဘီစီ မေးမြန်း လျှောက်ထားခန်း မှာ မိန့်သွားပါတယ်။