သံဃာ့ အရေးအခင်း နှစ်ပတ်လည် မကျင်းပနိုင်အောင် ကြိုတင် တားဆီး

  • 25 စက်တင်ဘာ 2011
Image caption သံဃာ့ လှုပ်ရှားမှုတွေ ထပ်မဖြစ်အောင် အာဏာပိုင် တွေ ကြိုးပမ်းနေ

မြန်မာနိုင်ငံမှာ ၂၀၀၇ စက်တင်ဘာ သံဃာ့ အရေးအခင်း နှစ်ပတ်လည်နေ့ နီးကပ်လာ တာနဲ့အမျှ သံဃာ့ အရေးအခင်း နှစ်ပတ် လည် အခမ်းအနားတွေ မပေါ်ပေါက်အောင် အာဏာပိုင်တွေက သတိထားပြီး ကြပ်ကြပ် မတ်မတ် ဆောင်ရွက်နေပါတယ်။

စစ်တွေမြို့မှာ ဆိုရင် ရဟန်းတော် တချို့ကို နယ်တွေကို အတင်းပို့ပြီး သီတင်း သုံးခိုင်းထား တာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်တွေ ပုသိမ် ကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ သက်တော် ၂၉ နှစ်ရှိတဲ့ ဦးကေသာရကို ဒီလ ၂၃ ရက်နေ့က အာဏာပိုင် တွေ က နယ်က ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ အတင်းပို့ ဆောင်လိုက်တယ်လို့ ရဟန်းတော် တပါးက ပြောပါတယ်။ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် (၉) နာရီမှာ ပြည်နယ် သာသနာရေးမှူးနဲ့ အာဏာပိုင် တွေ ရောက်ရှိလာပြီး ဦးကေသာရ၊ ဦးပဏ္ဍိတ်စနဲ့ ဦးပညာဝံနတို့ ရဟန်း သုံးပါးကို ကျောင်းထိုင် ဆရာတော်ကြီးရှေ့မှာ လက်မှတ် ရေးထိုးခိုင်းပြီး ပြည်နယ် အရံရဲတပ်ဖွဲ့ဆီ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ညနေ ၆ နာရီ ခွဲခန့်မှာ ရဟန်းနှစ်ပါးကို ပြန်လည် လွှတ်ပေး လိုက်ပြီး ဦးကေသာရကိုတော့ ရသေ့တောင်မြို့နယ် ခြေတော်ရာမှာရှိတဲ့ အလိုတော်ပြည့် ကျောင်းတိုက်ကို အတင်းပို့ဆောင်ပြီး ဆက်လက် ထိန်းသိမ်း ထားတယ်လို့ သိရကြောင်း အဆိုပါ ရဟန်းတော်က ဘီဘီစီကို ပြောပါတယ်။

ဦးကေသာရဟာ စစ်တွေမြို့မှာ စက်တင်ဘာလ ၉ ရက်နေ့တုန်းက ၇၂ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အဖြစ် ရဟန်းတော် သုံးရာခန့် ချီတက်ခဲ့တုန်းက ပါဝင် လှုပ်ရှားခဲ့တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဆရာတော် ဦးဥတ္တမနေ့က ချီတက် ဂါရဝပြုခဲ့ကြတဲ့ ရဟန်းတော်တွေရဲ့ စာရင်းတွေကိုလည်း အာဏာပိုင်တွေက လိုက်လံ ပြုစုနေပြီး အဲဒီအထဲက ဦးဆောင် ဦးရွက်ပြုခဲ့ကြတဲ့ တခြား ရဟန်းတော်တွေကိုလည်း နယ်တွေကို ပြန်သွားကြဖို့ အတင်း ဖိအား ပေးနေတာတွေ ရှိတယ်လို့လည်း သိရပါတယ် ။

ဒါ့အပြင် စက်တင်ဘာ သံဃာ့ အရေးအခင်း နှစ်ပတ်လည်နေ့ တွေ မကျင်းပအောင် အာဏာပိုင်တွေက စစ်တွေမြို့မှာ ရှိတဲ့ ဘုန်းတော်ကြီး ကျောင်းတချို့ကိုသွားရောက် လျှောက်ထားတွေ ရှိတယ်လို့လည်း အဆိုပါ ရဟန်းတော်က ပြောပါတယ်။