ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားနားမှာ သံဆူးကြိုး ကာ

  • 25 စက်တင်ဘာ 2011
Image caption လုံခြုံရေးအတွက်လို့ ထိုင်းဖက်က ပြော

ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြဝတီ ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအောက် မှာ ထိုင်း သာ့ခ်ခရိုင် အမှတ်၄ ဒေသ ကွပ်ကဲ ရေး တပ်က စစ်သားတွေက ထိုင်းဖက် အခြမ်းကို သံဆူးကြိုးတွေ ကာနေတယ်လို့ သိရပါတယ်။

မြန်မာဖက် အခြမ်းမှာလည်း မြန်မာ ရဲဖက်၊ စစ်ဖက်နဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိ ပုဂ္ဂိုလ်တွေ ချစ်ကြည်ရေး တံတားနားမှာ ရောက်နေပြီး အဝေးကြည့် မှန်ပြောင်းတွေနဲ့ ကြည့်နေကြသလို အထက်လူကြီးတွေကို မိုဘိုင်းဖုန်းတွေနဲ့ အစီရင်ခံနေကြတယ်လို့ ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားရဲ့ ထိုင်းဖက် အခြမ်းမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ထိုင်းအစိုးရရဲ့ ပေါ်လစီအရ ထိုင်းမြန်မာနယ်စပ်တလျှောက် လုံခြုံရေး လျော့ရဲနေတဲ့ နေရာတွေမှာ လုံခြုံရေး ဖြည့်တင်းဖို့ စစ်တပ်ကို ညွှန်ကြားလာတာမို့ ချစ်ကြည်ရေး တံတားအောက်က အုတ်နံရံ အကာအရံ ပြိုပျက်နေတဲ့ နေရာတွေမှာ အခုလို သံဆူးကြိုးတွေ ကာရံနေတာလို့ ထိုင်းနိုင်ငံ သာ့ခ်ခရိုင် အမှတ်၄ ဒေသ ကွပ်ကဲရေး တပ်မှူးက ဘီဘီစီကို ပြောပြပါတယ်။

ထိုင်းမြန်မာ နယ်စပ်ကော်မီတီက မြန်မာထိုင်း နယ်စပ်ကော်မီတီကို ဒီအကြောင်း ပြောပြထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ညဖက်မှာ မူးယစ်ဆေး မှောင်ခို ကူးသန်း ရောင်းဝယ်သူတွေ နယ်စပ် ခိုးကူးလာတာကို တားဆီးဖို့ အခုလို ပိတ်ရတာဖြစ်ကြောင်း၊ ဒါပေမဲ့ မကြာခင် ကျင်းပဖို့ ရှိတဲ့ နှစ်နိုင်ငံ တန်ဆောင်တိုင် ပွဲတော် ကာလကျရင်တော့ သံဆူးကြိုးတွေ ဖယ်ရှားပေးမှာ ဖြစ်သလို အခါအားလျော်စွာ မြန်မာဖက်က တစုံတရာ ညှိနှိုင်း ဆောင်ရွက်ဖို့ လိုလာတဲ့ အခါမျိုး တွေမှာလည်း သံဆူးကြိုးတွေ ဖယ်ရှားပေးမှာ ဖြစ်တယ်လို့ ချစ်ကြည်ရေးတံတားနားမှာ ရှိနေတဲ့ ထိုင်းတပ်မှူးတွေက ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့လည်း ထိုင်းမြန်မာ နယ်စပ် က ရှည်လျား လှတဲ့အတွက် ဒီနေရာလောက်ကို သံဆူးကြိုး ကာရံလိုက်ခြင်းအားဖြင့် လုံခြုံရေးအတွက် သိပ်ထူးထူးခြားခြား ထိရောက်မှာ မဟုတ်ဘူးလို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ် လာမဲ့ လမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေချိန် မှာပဲ ထိုင်းမြန်မာ နယ်စပ် ချစ်ကြည်ရေး တံတားနားမှာ အခုလို သံဆူးကြိုးတွေ ချထားလိုက် တာ ဖြစ်ပါတယ်။