နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2011 - 12:44 GMT

သံဃာ့အရေးအခင်း လေးနှစ်ပြည့် ဆန္ဒပြ

saffron_monks_burma

ဆူးလေဘုရားမှာ ဝတ်ပြုဆုတောင်း

၂၀၀၇ သံဃာ့အရေးအခင်း ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ရာဂဏန်းလောက်ဟာ တနင်္လာ့နေ့မှာ ရန်ကုန်က ဆူးလေ ဘုရားမှာ ဆုတောင်း ဆန္ဒပြပွဲတစ်ခု ကျင်းပခဲ့ကြပါတယ်။

အင်္ကျီအဝါရောင် ဆင်တူ ဝတ်ထားကြတဲ့ လူတွေဟာ သူတို့ရဲ့ အကျီတွေပေါ်မှာ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ ဧရာဝတီမြစ်ကို ထိန်းသိမ်းဖို့ စတဲ့ အကြောင်းအရာပါ စာတမ်းတွေ ရိုက်နှိပ်ထားကြပါတယ်။

ဒါပေမယ့် ဆူးလေဘုရားက ဆန္ဒပြသူတွေကို ရဲက အစောပိုင်းက လမ်းမှာ တားဆီးခဲ့ပြီး နောက်ပိုင်းကျမှ ဆူးလေဘုရားမှာ ၁၅ မိနစ် ဆုတောင်းဝတ်ပြုခွင့် ပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဆုတောင်း ဆန္ဒပြဖို့ လာကြတဲ့ နောက်ထပ် ရာဂဏန်း လောက်ရှိတဲ့ သူတွေကို တော့ ရဲက ၈ မိုင်အနီး ကမ္ဘာအေး ဘုရားလမ်း ပေါ်မှာ တားဆီးကာ လူစုခွဲစေ ခဲ့တယ်လို့ မျက်မြင် သက်သေ တွေက ပြောပါတယ်။

ရန်ကုန်မှာ လုံခြုံရေးကိုလည်း အရင်ထက် ပိုပြီး တိုးချထားတယ်လို့ သိရပါတယ်။

၂၀၀၇ စက်တင်ဘာ သံဃာ့အရေးအခင်းအတွင်း စစ်တပ်ဘက်က ပစ်ခတ်နှိမ်နင်းခဲ့ တဲ့အတွက် အနည်းဆုံး ၃၁ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ဘက်က ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။

saffron_monks_burma

သံဃာ့အရေးအခင်းတုန်းက ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုက ဆရာတော် ဦးဓမ္မသီရိက လက်ရှိမြန်မာနိုင်ငံက အခြေအနေ တွေဟာ လွန်ခဲ့တဲ့ လေးနှစ်က အခြေအနေ အတိုင်းပဲ ရှိနေသေးကြောင်း၊ လူတွေကို လွတ်လွတ်လပ်လပ် ပြောဆို လှုပ်ရှား ခွင့်တွေ ပေးဖို့ လိုသေး ကြောင်း မိန့်ပါတယ်။

စစ်တွေမှာ ကြိုတင်စီမံ

၂၀၀၇ သံဃာ့အရေးအခင်း စတင်ခဲ့ရာ စစ်တွေမြို့မှာတော့ နှစ်ပတ်လည် လှုပ်ရှားမှုတွေ မလုပ်နိုင်အောင် စစ်တွေ မြို့နယ် သံဃာ့မဟာနာယက ဥက္ကဌ တောင်ချေရွာ ဆရာတော် ဦးဆောင်ပြီး စီစဉ်ခဲ့တယ်လို့ သိရပါတယ်။

တနင်္လာနေ့ နေ့လည်က လောကနန္ဒာ စေတီတော်မြတ်ကြီး အရှေ့ဘက် မုတ်ဝအနီးက မဟောဝယံ ဓမ္မာရုံမှာ တောင်ချေရွာ ဆရာတော်က သံဃာအပါး ၁၀၀ လောက်ကို ပင့်ဖိတ်ပြီး သံဃာ့စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းကာ နယ်မြေအလိုက် သံဃာတွေကို တာဝန်ပေးခဲ့ပါတယ်။

စစ်တွေမှာလည်း လုံခြုံရေးတွေ တိုးချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။