လူ့အခွင့်အရေး ကိစ္စအပေါ် ကြံ့ခိုင်ရေး ပါတီရဲ့ အမြင်

  • 29 စက်တင်ဘာ 2011

မြန်မာ နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်မှု မရှိဘူး ဆိုရင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အပါ အဝင် ပြည်သူတွေ ရဲ့ အခြေခံ လူ့ အခွင့် အရေးတွေ ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ထောက်ခံ သွားမယ်လို့ ပြော ပါတယ်။

Image caption ပြည်ထောင်စု လွှတ်တော်တွင်းက အမတ်များ

အခြေခံ ဥပဒေ အရ လူတိုင်း အခွင့် အရေးတွေ တန်းတူ ညီမျှ ရသင့် ပေမဲ့ တချို့က အခွင့် ထူးတွေ ရနေ ချိန်မှာ ရသင့်တဲ့ အခွင့် အရေး တောင် မရသူတွေ ရှိတာ ကိုရော ဘယ်လို လုပ်ဆောင် ပေးနိုင်မလဲ လို့ ဘီဘီစီက မေးတဲ့ အခါမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဌေးဦးက ဥပဒေဟာ ဘယ်ဘက် ကိုမှ မလိုက်ဘဲ တစ်မျိုးထဲ သာ ရှိတယ် ဒါပေမဲ့ ဥပဒေ ကျင့်သုံးသူရဲ့ လုပ်ဆောင် မှုပေါ် မူတည် တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အရေး ကြီးတဲ့ အဆိုတွေကို လွှတ်တော်မှာ အမတ်တွေ တင်သွင်းတဲ့ အခါ တင်သွင်း သူကို ကြည့်မှာ မဟုတ်ဘဲ ပြည်သူတွေ အတွက် အကျိုး ရှိမယ် ဆိုရင် လွှတ်တော် နှစ်ရပ် စလုံးမှာ အင်အား အများစု ရှိတဲ့ ကြံ့ခိုင် ရေး ပါတီက ထောက်ခံ မှာပါလို့ လည်း ဦးဌေးဦးက ပြောပါတယ်။

ဘီဘီစီ မြန်မာ သတင်းထောက်ရဲ့ လွှတ်တော် မြင်ကွင်း

ကြာသပေးတေး နေ့က အမျိုးသား လွှတ်တော် ကို ပထမဆုံး သွားရောက် သတင်း ရယူနိုင်ခဲ့တဲ့ ဘီဘီစီ သတင်းထောက် ကိုချိုက လွှတ်တော်တွင်း ဆွေးနွေးကြတဲ့ အထဲမှာ ပုဂ္ဂလိက သတင်းစာ ထုတ်နိုင်ခွင့်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဒေါက်တာ မြတ်ဉာဏစိုး မေးခဲ့တာ စိတ်ဝင်စား စရာ ကောင်းတယ်လို့ ပြောပါတယ်။

Image caption ဘီဘီစီ သတင်း ထောက် ကိုချိုက ပြန်ကြားရေး ဝန်ကြီး ကို အပြေးအလွှား လိုက်မေး

မအဲဒီ မေးခွန်းကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း ဖြေခဲ့တာ ကတော့ မြန်မာ နိုင်ငံမှာ နေ့စဉ်လိုလို အပတ်စဉ် ထုတ် သတင်း ဂျာနယ်တွေ တစ်နေ့ကို ၁၅ စောင်ကနေ ၂၃ စောင် အထိ ထွက်နေ တာကြောင့် ပုဂ္ဂလိက သတင်းစာ ထုတ်ဖို့ မလို သေးဘူး လို့ လွှတ်တော်မှာ ဖြေခဲ့ ပါတယ်။

ဒါ့အပြင် မီဒီယာသမားတွေ အနေနဲ့ လွတ်လပ် ခွင့် လိုချင်ရင် တာဝန်ကို လည်း တွဲ ယူရမယ်လို့ ဝန်ကြီး ဦးကျော်ဆန်းက ပြောပါ သေးတယ်။

တခါ တက္ကသိုလ် ကျောင်းဆောင်တွေကို အသုံးမပြုပဲ ပိတ်ထားမယ့် အစား အကျိုးရှိအောင် ကျောင်းသား တွေကို ပြန်လည် နေထိုင်ခွင့် ပေးဖို့ အဆိုကို ဒေါက်တာ မြတ်ဉာဏစိုး ကပဲ တင်သွင်းခဲ့ ပါသေးတယ်။

အဲဒီ အဆိုဟာ မဖြစ်နိုင်ဘူး ဆိုတဲ့ သဘော လွှတ်တော် နာယက ဦးခင်အောင်မြင့်က သူ့ရဲ့ ကျောင်းသား ဘဝ အတွေ့ အကြုံနဲ့ ယှဉ်ပြီး ပြောသွားပါတယ်။

အဲဒီလို ကျောင်းသား တွေကို တစု တစည်းထဲ ထားမယ် ဆိုရင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော် လိုသူ တွေက အလွယ်တကူ စည်းရုံး နိုင်မယ် ဆိုပြီး ရှေ့ကနေ ပိတ်ပြော သွားခဲ့တယ်လို့ သိရ ပါတယ်။