အကျဉ်းသား လွတ်ရေး ဆုတောင်း ခဲ့ကြ

  • 27 စက်တင်ဘာ 2011

သံဃာ့ လှုပ်ရှားမှု လေးနှစ်မြောက် နှစ်ပတ်လည် နေ့မှာ အကျဉ်းသား လွတ်မြောက် ရေး အတွက် ဆုတောင်းပွဲ ပြုလုပ် ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption တနင်္လာ နေ့က ဆူးလေ ဘုရားမှာ ဆုတောင်း ခဲ့ကြ

ပြီးခဲ့တဲ့ ၂ဝဝ၇ စက်တင်ဘာလ ၂၇ ရက်နေ့ တုန်းက ရန်ကုန်မြို့မှာ သံဃာတော်တွေ မေတ္တာသုတ် ရွတ်ဆိုရင်း စီတန်း လှည့်လည် ဆန္ဒထုတ်ဖော် မှုကို အာဏာပိုင် တွေက ပစ်ခတ် ခဲ့တဲ့ အတွက် ဂျပန် သတင်းထောက် ကန်ဂျိ နာဂါအိ သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာ ရသူတွေ လည်း ရှိခဲ့ပါတယ်။

သံဃာ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ဖမ်းဆီး ခံခဲ့ရသူတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဖို့ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ အင်္ဂါ ဆုတောင်း အဖွဲ့က ရွှေတိဂုံ ဘုရားမှာ ဆု တောင်းပွဲ ပြုလုပ်ခဲ့ တာ ဖြစ်ပါတယ်။

တနင်္လာနေ့ ကလည်း သံဃာ့ လှုပ်ရှားမှု နှစ်ပတ်လည် အထိမ်း အမှတ် ပြုလုပ်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ရာနဲ့ ချီတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ လမ်း လျှောက် ပြီး ဆန္ဒ ထုတ်ဖေါ် ခဲ့ကြ ပါတယ်။

အဲဒီနေ့က ဦးဆောင် ပါဝင် ခဲ့သူ တွေကို အာဏာပိုင် တွေက နေအိမ် တွေမှာရော အသွား အလာ တွေကိုပါ စောင့်ကြည့် နေတယ်လို့ စောင့်ကြည့် ခံနေရသူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာက သတိထား စောင့်ကြည့် တာကလွဲပြီး ဖမ်းတာ ဆီးတာတော့ မရှိသေး ပါဘူး။