ကေအိုင်အေနဲ့ အစိုးရစစ်တပ်ကြား တိုက်ပွဲပြင်းထန်

  • 28 စက်တင်ဘာ 2011
Image caption KIA တပ်ဖွဲ့တွေဟာ တပ်မဟာ (၄) ဌာနချုပ်ကို ဆုတ်ခွာခဲ့ရပါတယ်

မိုင်းတုံ မြို့နယ်အတွင်းရှိ ကချင် လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တပ်ဖွဲ့တွေနဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာ အစိုးရ စစ်တပ် က အနည်းဆုံး ၆၀ ကျော် ကျပြီး အများ အပြား ဒဏ်ရာရရှိခဲ့သလို၊ KIA ဘက်က လည်း ၈ ဦး ကျပြီး ၈ ဦး ဒဏ်ရာရသွား တယ်လို့ ကေအိုင်အေဘက်က အတည်ပြု ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အစိုးရဘက်က အတည်ပြုချက်ကိုတော့ မရသေးပါဘူး။

ဒီစစ်ပွဲတွေကြောင့် ဒေသတွင်းက လူထုတွေလဲ စစ်ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေကြရကာ ကျူကုတ်(ဘန်ဆိုင်း)၊ မူဆယ်ဘက်တွေအထိ ပျံ့နှံ့နေပြီး စုစုပေါင်း ထောင်ဂဏန်းလောက် အထိ ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ရှမ်းပြည်မြောက်ပိုင်းရှိ၊ ကေအိုင်အေ တပ်မဟာ(၄) ဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်းတွေကို အစိုးရဖက်က တပ်ရင်း(၁၀) ရင်း ခန့်သုံးပြီး လက်နက်ကြီး တွေနဲ့ပါ အပြင်းအထန် တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် ကေအိုင်အေတပ်ဖွဲ့တွေဟာ တပ်မဟာ(၄) ဌာနချုပ်ကနေ ဆုတ်ခွာပြီး ပြောက်ကျားနည်းနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။