ဒေါ်စု နဲ့ ဝန်ကြီး ဦးအောင်ကြည် ထပ်မံ တွေ့ဆုံ မည်

  • 29 စက်တင်ဘာ 2011
aung san suu kyi ဓာတ်ပုံ မူပိုင် BBC World Service
Image caption ၂ ဖက် ဆက်ဆံရေး တင်းမာမှု တွေ တကယ် ပြေလျော့ လာနေ ပြီလား

မြန်မာ့ ဒီမိုကရေစီ အရေး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည် အကြား သောကြာ နေ့ မှာ တွေ့ဆုံ ဖို့ ရှိ ပါတယ်။

ရန်ကုန် က စိမ်းလဲ့ကန်သာ ရိပ်သာမှာ သောကြာ နေ့ နေ့လည် ၁ နာရီ အချိန် မှာ တွေ့ဆုံ ဆွေးနွေးဖို့ အစိုးရ ဖက် က ဒေါ်အောင်ဆန်း စုကြည် ကို ဖိတ်ခေါ် ထားတယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဘီဘီစီ ကို ပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နေအိမ် အကျယ်ချုပ် ကျခံ နေရာ ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း ဝန်ကြီး ဦးအောင်ကြည် နဲ့ ၂ ကြိမ်တွေ့ဆုံ ခဲ့ပြီး ဖြစ်ပါတယ်။

နောက်ဆုံး တွေ့ဆုံ ပွဲ မှာ နိုင်ငံ တည်ငြိမ်ရေး နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ အကြား ပူးပေါင်း ဆောင်ရွက် ကြဖို့ သဘောတူ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲ နောက်ပိုင်း သြဂုတ်လ အတွင်း မှာ လည်း ဒေါ်အောင်ဆန်း စုကြည် ဟာ မြန်မာ သမ္မတ ဦးသိန်းစိန် နဲ့ လည်း တွေ့ဆုံနိုင် ခဲ့ ပါတယ်။

ဒီဖြစ်ရပ် တွေ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံ မှာ အပြောင်းအလဲ တွေ ဖြစ်လာနိုင်တဲ့ လက္ခဏာ တွေ ကို တွေ့နေရတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ်။