ဂျပန် တိုးရစ်တယောက် အသတ်ခံရ

  • 29 စက်တင်ဘာ 2011
ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်စားတဲ့ ပုဂံမြို့ဟောင်း
Image caption ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်စားတဲ့ ပုဂံမြို့ဟောင်း

အသက် ၃၁အရွယ် Chiharu Shiramatsu ချိဟရု ရှီရမာစ်ဆိုတဲ့ ဂျပန်အမျိုးသမီးဟာ ကျောက်ပန်းတောင်း ပုဂံညောင်ဦးနဲ့ ပုပ္ပါးတ ဝိုက်ကို ခရီးလှည့်လှည်ရင်း ကျောက်ပန်းတောင်းမြို့ သာယာအေးရပ်က ဆိုင်ကယ်ကယ်ရီပို့တဲ့ ကိုမင်းသိုက် ဆိုသူနဲ့ ခရီးသွားရင်း အသတ်ခံလိုက်ရတာလို့ ဒေသခံတွေကပြောပါတယ်။

မနေ့က ကျောက်ပန်းတောင်းမြို့ကနေ ပုဂံညောင်ဦးကိုအသွား ညောင်ဦးမြို့နယ်ထဲက ကျောက်ပန်းတောင်းနဲ့ ၁၂မိုင်အကွာ ညောင်နီကျင်း လမ်းခွဲအရောက် တောအုပ်ထဲမှာ အသတ်ခံလိုက်ရတာဖြစ်တဲ့အကြောင်းဘေးနားက ကျွဲကျောင်းသား နွားကျောင်းသားတွေက အော်ဟစ် အကူ အညီတောင်းလို့ မင်းသိုက်ကို တရွာလုံးက ဝိုင်းဖမ်းကြကြောင်း ကျောက်ပန်းတောင်း ဒေသခံတဦးက ဘီဘီစီကို ပြောပြပါတယ်။

စွပ်စွဲခံရသူ မင်းသိုက်နဲ့ မင်းသွေး ညီအကို ၂ဦးလုံးဟာ ဒီဂျပန်အမျိုးသမီးကို တယောက်တလဲ လိုက်ပို့ပေး နေသူတွေဖြစ်လို့ ၂ယောက်လုံးနဲ့ သက်ဆိုင်တယ်ဆိုပြီး ရဲက ဖမ်းထားပါတယ်။

သက်ဆိုင်ရာ အာဏာပိုင် တွေကတော့ လူသတ်မှုဖြစ်တာ မှန်ကန်တဲ့အကြောင်းနဲ့ ဂျပန်သံရုံးနဲ့ ဆက်သွယ် ဆောင်ရွက်နေပြီး တရားခံ အစစ်မှန်ကို ဖေါ်ထုတ် နိုင်အောင်ကြိုးစား နေတယ်လို့ ပြောပါတယ်။

ဒီကိစ္စဟာ မြန်မာ့ ခရီးသွား လုပ်ငန်းတိုးတက်အောင် အစိုးရက အားပေး နေချိန်မျိုးမှာ နိုင်ငံခြားသားခရီးသွား ဧည့်သည်တယောက် ပထမဆုံးသေဆုံးမှုဖြစ်လို့ ခရီးသွား လုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ ခရီးသွား လုပ်ငန်း လုပ်ဆောင် နေသူတွေက ပြောဆိုနေကြပါတယ်။