ဒီမိုကရက်တစ်မြန်မာ့အသံ ငွေကြေးအရှုပ်အရှင်းဖြစ်

  • 1 အောက်တိုဘာ 2011
Image caption DVB အတွင်း ငွေကွာဟမှုဟာ ဒေါ်လာ သုံးသိန်း ကျော်နိုင်တယ်လို့ သိရ

နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ DVB အတွင်း အမေရိကန် ဒေါ်လာ သုံးသိန်းထက်မနည်း ငွေကြေး ကွာဟမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီငွေကွာဟမှုကို စာရင်းစစ်ရာကနေ စတင် တွေ့ရှိလာကြောင်း၊ ဆက်စစ်ရင်းနဲ့ ငွေကွာဟမှု များလာတာကို တွေ့လာရတာ ဖြစ်ကြောင်း DVB ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး တာဝန်ကို အခု လွှဲပြောင်းယူထားတဲ့ ဦးဟန်ရောင်ဝေက ပြောပါတယ်။

၂၀၁၀ ခုနှစ်ကုန်မှာ စာရင်းစစ်ပြီးသား ဖြစ်ပေမယ်လို့ တိုင်တာတွေ ရှိလာတဲ့အတွက် ၂၀၁၁ ခုနှစ်မှာ ထပ်စစ်ရာမှာ အခုလို တွေ့ရှိရတာဖြစ်ကြောင်းနဲ့ ငွေကြေးကွာဟမှုဟာ ဒေါ်လာ သုံးသိန်းကျော်နိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ငွေကြေး အလွဲသုံးစားလုပ်တဲ့သူတွေ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သိရှိပြီး ဖြစ်ပေမယ့်၊ သူတို့ကို တရားရုံးတင်မှာ ဖြစ်လို့ လောလောဆယ် နာမည်ထုတ်ဖေါ်ခြင်း မလုပ်သေးဘူးလို့ ဆိုပါတယ်။

မြန်မာပြည်တွင်းက သူတွေကတော့ ကုန်ကျစရိတ်ကို ပုံမှန်တင်ပြကြောင်းနဲ့ ဒါပေမယ်လို့ ကြားက တာဝန်ခံလုပ်ဆောင်တဲ့ ပြည်ပက သူတွေက အော်စလိုကို စာရင်းတင်တဲ့ အခါမှာ ကွာဟနေတာကို တွေ့ရကြောင်း ပြောပါတယ်။

အခုကိစ္စကြောင့် DVB ရဲ့လုပ်ငန်းတွေကို ထိခိုက်မှုမရှိဘဲ ဝန်ထမ်းတွေအနေနဲ့ ဆက်လက် လုပ်ကိုင်နေကြောင်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းတို့ကိုတော့ လောလောဆယ် စီမံခန့်ခွဲတဲ့ အပိုင်းမှာ တာဝန်မယူစေဘဲ တခြား သတင်းထုတ်ပြန်တဲ့ လုပ်ငန်းပိုင်းမှာ တာဝန်ယူစေမှာ ဖြစ်တယ်လို့ လည်း ဦးဟန်ရောင်ဝေက ပြောပါတယ်။

အခုဖြစ်ရပ်ကြောင့် အလှူရှင်နိုင်ငံတွေ အနေနဲ့ ငြိုငြင်မှုတွေ ဖြစ်လာနိုင်ကြောင်း၊ သို့အတွက် ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူကို တိတိကျကျ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။