ဝါးခယ်မ သခင်သိန်းမောင်နဲ့ တွေ့ဆုံမေးမြန်းချက်

  • 1 အောက်တိုဘာ 2011
Image caption တကယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ဖို့ တာဆူနေပြီ (ဝါးခယ်မ သခင် သိန်းမောင်)

ဝါရင့်နိုင်ငံရေးသမား ဝါးခယ်မ သခင် သိန်းမောင်က မြန်မာပြည်မှာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့ တာဆူနေပြီ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်နဲ့ တွေ့ ဆုံမေးမြန်းခန်းမှာ ပြောကြားလိုက်ပါ တယ်။

ဘယ်လိုနည်းနဲ့ ဖြစ်မယ်ဆိုတာကတော့ ပြည်သူတွေက ဆုံးဖြတ်မှာ ဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း လူတဦးချင်းစီရဲ့ အခြေခံ ရပိုင်ခွင့်၊ အခွင့်အရေးတွေ ရတော့မယ်လို့တော့ လောလောဆယ် လုံးဝ မမြင်ရသေးကြောင်း သခင်သိန်းမောင်က ဆိုပါတယ်။

လက်ရှိ အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးပေါင်း ဆောင်ရွက်နေကြတဲ့ အနေ အထားဟာ ရှိသင့် ရှိထိုက်တဲ့ အနေအထားမျိုး ဖြစ်ပြီး၊ ဆက်လက် ရှိနေရမယ့် အခြေ အနေမျိုး ဖြစ်တယ်လို့လည်း သူက အလေးအနက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား ဆွေးနွေး ညှိနှိုင်းမှုတွေကနေ ရလဒ် အကောင်းတွေ ပဲ ထွက်လာလိမ့်မယ်လို့ မမျှော်လင့်နိုင်ကြောင်းကိုလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုအပေါ် တချို့သောသူတွေက သံသယ ရှိနေကြတာကိုလည်း သခင်သိန်းမောင်က အခုလိုအခြေအနေမျိုးမှာ၊ ဒါမျိုး ရှိနိုင်ကြောင်း ဖြေကြားပါတယ်။

အစိုးရနဲ့ ပြည်သူအကြား တခုပြီးတခု ဖြေရှင်းပေးသွားနိုင်တယ်ဆိုရင် လက်ရှိအစိုးရအတွက် ရှေ့မျှော်လင့်ချက် ကောင်းကြောင်းနဲ့ အရင်ဦးဆုံး အနေနဲ့ ပြည်တွင်းစစ် ကိစ္စနဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စတို့ကို ရှင်းရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။