ပြည်မြန်မာကုန်တိုက်က ဆိုင်တွေ ဖယ်ရှားခံရ

  • 2 အောက်တိုဘာ 2011
Image caption ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း စျေးကတော့ စည်ကားဆဲပါ

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်း မှာ ရှိတဲ့ ပြည်မြန်မာကုန်တိုက်က ဆိုင်ရှင် တွေကို သတ်မှတ်ရက်ကျော်လွန်ပြီး ဆက်ရောင်းတဲ့အတွက် အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ အတင်းဖယ်ရှားခဲ့ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနကပိုင်တဲ့ ပြည်မြန်မာကုန်တိုက်မှာ ငှားထားတဲ့ ဆိုင်ခန်းတွေကို ဖယ်ခိုင်းထား တာဟာ သတ်မှတ်ရက် ကျော်နေတယ်ဆိုပြီး စီးပွားကူးသန်းက ၀န်ထမ်းတွေက တနင်္ဂနွေ နေ့မှာ လာဖျက်ခဲ့တာပါ။

စီးပွားကူးသန်း ၀န်ထမ်း ၁၅ ယောက်က ဆိုင်ထဲမှာ ရှိတဲ့ပစ္စည်းတွေ အတင်းဆွဲထုတ်ပြီး ဆိုင်ခန်းတွေဖျက်ခဲ့တယ်လို့ ဆိုင်ခန်းရှင်တယောက်က ဘီဘီစီကို ပြောပြပါတယ်။

နစ်နာကြေးပေးတာမျိုး ဒါမှမဟုတ် နေရာအစား ပြန်ပေးတာမျိုး မလုပ်ဘဲ အခုလို ဖယ်ရှား ခိုင်းတာကြောင့် ဆိုင်ခန်းရှင် ၂၀ ကျော်က သူတို့နစ်နာကြေးအတွက် တောင်းဆိုချက် ဆိုင်းဘုတ်ကိုင်ဆောင်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းပေါ် အရောက်မှာတော့ လူစုခွဲခိုင်းပြီး အမျိုးသမီး နှစ်ယောက်ကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ခေါ်သွားခဲ့ပြီး၊ နောက်ပိုင်းမှာ ပြန်လွှတ်ပေး လိုက်ပါတယ်။

ဆိုင်ခန်းရှင် အများစုကတော့ ဆိုင်ခန်းတွေကို ကိုယ့်စရိတ်နဲ့ကို ပြင်ဆင်ထားရတာ တခန်းကို သိန်း ၁၀၀ လောက် ကုန်ကျထားလို့ နစ်နာကြေးရဖို့ သမ္မတဦးသိန်းစိန် ထံ ထပ်မံ အကူအညီ တောင်းသွားမယ်လို့ ပြောပါတယ်။